ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများတွင် ပညာသင်ကြား၊ သင်ယူနေကြခြင်း သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနေခြင်း ပင်ဖြစ်
နေပြည်တော် ဇွန် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းများ အားလုံးဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တ နှစ်ပတ်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ သက်ဆိုင်ရာကျောင်းများ၊ ဌာနများအလိုက် ဆရာ၊ ဆရာမ၊ ကျောင်းသား ဦးရေစာရင်းများ မှအစ ရုံးလုပ်ငန်းဆိုင်ရာစာရင်းဇယားများဆောင်ရွက်ရာတွင် အချက်အလက်များကို တိကျမှန်ကန် မြန်ဆန်ရေးအတွက် စနစ်တကျအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့် ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျ သုံးစွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့် ဌာနဖြစ်၍ ပညာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာသင်ခန်း၊ စာသင်ဆောင်၊ အိပ်ဆောင်များ၊ ကျောင်း အတွင်းအပြင်၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
အဝေးသင်တက္ကသိုလ် သိပ္ပံကျောင်းသားများ လက်တွေ့တန်းဆောင်ရွက်သကဲ့သို့ စာသင်ချိန် အတန်း တက်ရောက်စေရေး ကြီးကြပ်ရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေး မှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက်သွား၍ ကျောင်းသား၊ ကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ စာကြည့်တိုက်အတွက် စာအုပ်များကို နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထပ်မံလိုအပ် သည့် စာအုပ်စာရင်းများကို ကြိုတင်ပြုစု ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ အမှန်တကယ်ပညာတတ်မြောက်အောင် သင်ကြားပေးရေးတို့အတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က e-Government အောင်မြင်စွာ အကောင် အထည် ဖော်တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံဆောင်ရွက်မှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာယီ နေရပ်စွန့်ခွာဒေသမှ ကလေးများ ကျောင်းလာအပ်ပါက အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး အားလုံးလက်တွဲ ဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေး ဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)