နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဇူလိုင် ၃
၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ (MICC-II) ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး၏ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ဇနီး၊နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများနှင့်ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၏ဇနီး၊ အမျိုးသမီးများဆိုင်ရာအသင်း အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကဏ္ဍအလိုက် ဆုရရှိကြသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းကို စာမျက်နှာ၅ တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီး အခွင့်အရေးမြှင့်တင် ဖော်ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တုံ့ပြန်တားဆီးကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ် (၁၂) ရပ် Video Clip ကို ပြသသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများကို ချီးမြှင့်ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဒုတိယဗိုလ် ဒေါ်ယုယုနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ အကောင်းဆုံး ကျောင်းသားဆုရရှိသူ ဗိုလ်ဒေါ်ဖူးမော်သန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)၏ ချီးကျူးဂုဏ်ပြုဆုရရှိသူ ဗိုလ်ကြီး ဒေါ်ဝါဝါမော်တို့ကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေ ဆုရရှိသူ ဒုတိယရဲမှူးကြီးမိုးမိုးထွန်းနှင့် မသန်စွမ်းအမျိုးသမီး အားကစားထူးချွန်ဆုရရှိသူ မလော်လာဝင်းတို့ကို လည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ တွင် အမှတ်အများဆုံးရရှိသူ မနှင်းကြယ်စင်ထွန်းနှင့် ဝိပ္ပံဘာသာတွဲတွင် အမှတ်အများ ဆုံးရရှိသူ မအေးချမ်းပြည့်မွန်တို့ကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိကြသူများကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီးက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုနှင့် အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ ကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌတို့က အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင် များက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “အမျိုးသမီး ကော်မတီ” သီချင်းဖြင့် လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရွှေမြန်မာသာယာငြိမ်းချမ်း” တေးသီချင်းနှင့်အတူ တိုင်းရင်းသားအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြောင်း သတင်းရရှိသည်။