ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ဇွန် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနား တစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဝါဒအပေါ်အခြေခံကာ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုသို့ မြှင့်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် မျှဝေသော အနာဂတ်အသိုက်အဝန်းသို့ ဆက်လက်တိုးမြှင့်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင်စတင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ နှင့်အတူ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုကို အလေးပေးပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇)ခုတွင် အကောင် အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများကို ထောက်ပံ့ပေးအပ်သည့် တရုတ်နိုင်ငံကို ကျေးဇူးတင် ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများနှင့်အတူ ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို “မြစ်တစ် စင်းနှင့် မျှဝေသောအနာဂတ်” မဲခေါင်-လန်ချန်းစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က နှစ်နိုင်ငံ အကြား ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် အကူအညီပေးမှု များကို ပြန်လည်အမှတ်ရပါကြောင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခုကို ပူးပေါင်းတည်ဆောက်ရာတွင် အရေးပါသောစင်္ကြံတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ များနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေး ထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။
အဆိုပါသဘောတူညီချက်အရ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် မြန်မာ နိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်း စုစုပေါင်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်း ပေးအပ်မည်ဖြစ်ပြီး အဆိုပါစီမံကိန်း ၁၂ ခုကို စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောဆိုင်ရာ အရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုသောအလေ့အထနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ တီထွင် ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေးစသည့် နယ်ပယ်များ၌ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံ စီမံကိန်း ၁၁၈ ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)