လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇွန် ၁၄
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက် ကောင်းမွန်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇)ရဲရွာခန်းမ၌ ကျင်းပရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့်ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆွေးနွေးတင်ပြမည့်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြဲမပြတ်တွက်ချက်သုံးသပ်ပြီး ရေတို၊ ရေရှည်စီမံချက်များနှင့်အတူ ဖြစ်နိုင်သော နည်းလမ်းပေါင်းများစွာနှင့် ဆောင်ရွက်လျက်ရှိ သကဲ့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြသူများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုနယ်ပယ်အတွင်း တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ခေတ်မီဓာတ်အားခကောက်ခံမှုစနစ်များ စသည်တို့နှင့် ပတ်သက်သည့် တင်ပြချက်များကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသော ဌာန အကြီးအမှူးများ၊ Moderator များအဖြစ်ဆောင်ရွက်ပေးကြမည့် အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးတင်ပြသူများ၏ တင်ပြချက်များအပေါ် သုံးသပ်အကြံပြု ဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက်ပေးကြခြင်းသည် အနှစ်သာရပြည့်ဝပြီး ရည်ရွယ်ချက်အထမြောက်၍ ရလဒ်ကောင်းများ ထွက်ပေါ်လာစေမည်ဖြစ်သည့် အတွက် ဆွေးနွေးမှုများအပေါ်အကျိုးရှိစွာ ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ရေးနှင့်ပတ်သက်သည့် ဆွေးနွေး တင်ပြချက် ၁၄ စောင်ကို ဖတ်ကြားတင်ပြခြင်း၊ ဖတ်ကြားတင်ပြမှုအပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် အကဲဖြတ် သုံးသပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ကြကာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြသူများကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)