ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

တာဝန်ထမ်းဆောင်သူများတွင်လည်း သီးခြားအတွေ့အကြုံကိုယ်စီ ရရှိခဲ့ကြပြီး နောင်တွင် တာဝန်ကြီးကြီး ထမ်းနိုင်ခဲ့သူများ ဖြစ်လာခဲ့ကြ သည်။ လက်ရှိလည်း တာဝန်ထမ်းနေကြဆဲဖြစ်သည်။

ရေအသုံးချမှုလုပ်ငန်းတိုင်းတွင် မည်သည့်လုပ်ငန်းမဆို သေးသည် ကြီးသည်မဟူ ပညာပါကြသည်။ စေတနာထည့်၍ ဆောင်ရွက်ပါက ပို၍ ထိရောက်အကျိုးရှိသည်။

နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ပခုံးပြောင်းတာဝန်ထမ်းကြရာတွင် ရှေ့တွင်ဖြစ်ပျက်ခဲ့သော  အဖြစ်အပျက် မှတ်တမ်းများကို  စနစ်တကျ လေ့လာပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို တည်ဆောက်ကြရန်ဖြစ် သည်။

အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်ကို အရှိန်မပျက် လက်ဆင့်ကမ်းသယ်ဆောင်ကြရန်လိုသည်။ နိုင်ငံအတွက် ကျွမ်းကျင်သူပညာရှင် မျိုးဆက်သစ်များ လက်ဆင့်ကမ်းမွေးကြရမည်။

လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်ထိ ရေရရှိရေးစီမံမှုများ

ဆက်လက်၍  လွတ်လပ်ရေးရပြီး  ၁၉၆၂  ခုနှစ်ထိ  ဆည်မြောင်း တာတမံလုပ်ငန်းများအနက် ထင်ရှားစွာ ကျန်ရစ်ခဲ့သည့် လုပ်ငန်းများကို အောက်ပါအတိုင်းတွေ့ရသည်။

လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၂ ခုနှစ်ထိဆောင်ရွက်ခဲ့သော စိုက်ပျိုး ရေရရှိရေးလုပ်ငန်းများအနက်    ထင်ရှားသောတာတမံဆည်မြောင်း လုပ်ငန်းများ

စဉ်     လုပ်ငန်းအမည်       တည်နေရာ ရေလှောင်ပမာဏ အကျိုးပြုဧရိယာ

                     (မြို့)          (ဧကပေ)         (ဧက)

၁။ ကျောက်ဆည်ရေလွှဲဆည်      ဒီးမော့ဆို     -        ၂၃၃၅

၂။ ကြိုးကြာကန်     ရွှေဘို            ၂၈၉ ၁၈၅၀

၃။ သပြေကန်         ကန့်ဘလူ    ၂၃၀၀          ၁၀၀၀

၄။ ရွှေလေးဆည်    ပြည်  ၅၉၂ ၅၉၂

၅။ ချောင်းမကြီးဆည်       ပြည် ၁၂၄၆           ၁၂၄၆

၆။ ဂင်ပိတ်ဆည်     ရွှေတောင်     ၁၄၅၀          ၁၄၅၁

၇။ မယားမံဆည်    ရွှေတောင်     ၁၀၅၇          ၁၂၇၈

၈။ ကျွန်ရောင်ချောင်းဆည်          ရွှေတောင်      ၅၈၀ ၁၇၅၇

၉။ သရက်တောဆည်        သဲကုန်း        ၁၅၀၃          ၁၉၁၃

၁၀။ ကမ္မချောင်းဆည်       ပေါင်းတည်    ၈၅၀ ၂၈၂၄

၁၁။ သစ်ခြေတင်ဆည်      ပြည် ၁၂၇၈          ၁၂၇၈

၁၂။ သဖန်းကုန်းဆည်       ပေါင်းတည် ၁၀၉၂ ၁၀၉၂

၁၃။ ပုလင်းဆည်    မြို့သစ်        ၂၈၀၀          ၁၉၃၄

၁၄။ ကင်ပွန်းတောင်ဆည်တောင်တွင်းကြီး ၅၉၀၀     ၅၀၀၀

၁၅။ နွယ်တမယ်တူးမြောင်း        စလင်း         -        ၂၂၃၂

၁၆။ ကန်တော်ကြီးကန်     တောင်တွင်းကြီး ၁၃၁၀ ၂၇၆၀

၁၇။ တောင်ပုလုကန်        ဝမ်းတွင်း      ၁၃၄၆၅        ၇၆၃၆

၁၈။ ပွဲစားဆည်      တပ်ကုန်း     -        ၁၈၅၀

၁၉။ ဘုံဘကုတင်ကန်       ရမည်းသင်း  ၂၂၄၆ ၂၆၂၀

၂၀။ မဒေါ့ပင်ကန်    လယ်ဝေး     ၃၃၀၀ ၃၂၁၆

၂၁။ ဝက္ကမူဆည်      ပျဉ်းမနား     -        ၂၃၇၈

၂၂။ အလောင်းစည်သူကန်          ဝမ်းတွင်း      ၄၀၉၀          ၁၁၅၇၆

၂၃။ ခက္ခဆည်        ပျော်ဘွယ်    -        ၁၈၀၇

၂၄။ မြကန်   ညောင်ဦး      ၁၀၀၀          ၁၀၀၀

၂၅။ မင်းသားကန်   ပျော်ဘွယ်    -        ၂၂၅၂

၂၆။ အေလာကန်    လယ်ဝေး     ၂၀၀၀          ၂၂၃၅

၂၇။ ပင်သောင်ကန်           လယ်ဝေး     ၆၈၀ ၁၁၈၀

၂၈။ ဗေပေ့မောင်ကန်        ပျဉ်းမနား     ၃၆၀၀          ၁၀၉၉

၂၉။ ညောင်ကိုင်းဆည်      တပ်ကုန်း     -        ၁၆၈၄

၃၀။ သစ်ဆုံဆည် ရမည်းသင်း၊ပျော်ဘွယ် ၃၉၉၆၅ ၂၀၇၀၈

၃၁။ ပြူးကန်          တံတားနီ      ၄၆၃၈          ၃၈၆၂

၃၂။ ကျီးနီကန်        ရမည်းသင်း ၈၇၅၀           ၇၇၂၂

၃၃။ ညိုပင်ကန်      လယ်ဝေး     -        ၂၂၉၉

၃၄။ သားတစ်ဆည်          ရမည်းသင်း -         ၁၃၅၄

၃၅။ ကန်ငယ်များ မိတ္ထီလာ၊ ဝမ်းတွင်း၊   -        ၁၅၀၃၇

                         သာစည်၊ မြင်းခြံ

၃၆။ ပျိုးကန်          မြင်းခြံ          ၂၇၅၈          ၁၃၄၂

စသည်ဖြင့် ဤကာလအတွင်း အကျိုးပြုဧရိယာဧက ၁၂၀၀၀၀ ကျော် ရေပေးဝေနိုင်ရေး ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ပြည်သူ့ဆန္ဒအရ ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရခေတ်ဖြစ်သည်။ အရှေ့နှင့်အနောက်အုပ်စုနှစ်ခုစလုံးမှ ထိုက်သင့်သော အကူအညီများ ရခဲ့သည်။ မဟာပြည်တော်သာစီမံကိန်းကြီးကို ချမှတ်ခဲ့သည်။ အမေ ရိကန်ပညာရှင်များကို ငှားရမ်း၍ နိုင်ငံ၏စီးပွားရေးအတွက် စီမံကိန်းများ ရေးဆွဲစေခဲ့သည်။ လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀၀ ကျပ် (ထိုစဉ်က ဂျစ်ကားတစ်စီးတန်ဖိုးမှာ ကျပ်တစ်ထောင်သာသာရှိ သည်) ဆိုသည့် ကြွေးကြော်သံကြောင့် ပြည်သူများ ပီတိဖြစ်ခဲ့ကြရသည်။ လုပ်နိုင်မည်ထင်သောပါတီကို မဲများပုံအောပေးခဲ့ကြသည်။ အမှန်တကယ် ဆောင်ရွက်သည့်အခါ ရှစ်နှစ်ပြည်တော်သာစီမံကိန်းလည်း ငါးနှစ်နှင့် ရပ်ဆိုင်းခဲ့ရသည်။ မအောင်မြင်ခဲ့ပါ။

စစ်ပြီးကာလ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရ၍ ဖွံ့ဖြိုးမှု နောက်ကျခဲ့သည်ဆိုသော်လည်း အရှေ့တောင်အာရှတွင် အစောဆုံး လွတ်လပ်ရေးရခဲ့ပြီး ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံဟု ဂုဏ်ယူခဲ့ကြသည်။

သို့သော် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံအတွက် ဤ ၁၄ နှစ်တာ ကာလဆောင်ရွက်ခဲ့သော ဆည်မြောင်း၊ ကန်ချောင်းများကို လေ့လာရာမှာ အများစုသည် ကျေးရွာအုပ်စုအဆင့်၊ မြို့အဆင့် ရေဖူလုံရုံမျှသာ ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရသည်။

နိုင်ငံချမ်းသာသော ကာလတစ်ခု ဖြစ်သည်ဟု စာပေများထဲတွင် ဖတ်ရှု ရသော်လည်း ဆည်မြောင်းတာတမံ လုပ်ငန်းပေါင်း ၅၁ ခု ဆောင်ရွက်ခဲ့ ရာတွင် အကျိုးပြုလယ်၊ယာမြေဧက ၁၃၁၆၃၃ ခန့်သာရှိခဲ့သည်။ ၎င်း ဆည်မြောင်းလုပ်ငန်း ၅၁ ခုအနက် လယ်မြေဧက ၂၀၇၀၈ အကျိုးပြုစေသော သစ်ဆုံဆည်တစ်ခုသာ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်း ကျယ်ပြန့်သည့်ရေပေးဝေရေးကို ဆောင်ရွက်နိုင်ခဲ့သည်။

ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဟူ၍ မိမိတို့ငယ်စဉ်က ကြားဖူးခဲ့သည်မှာ လူဦးရေသန်း ၂၀ ကျော်ကာလဖြစ်သည်။

နောင်နှစ် ၄၀-၅၀-၆၀ အတွက် ဤသို့ ဆက်လက်ဂုဏ်ယူနိုင်ရန် ရေရှည်အကျိုးရှိစေမည့်လုပ်ငန်းကြီးများကို မျှော်မှန်းဆောင်ရွက်ကြရပါ မည်။ အရှေ့တောင်အာရှတွင် ဆန်စပါးအများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဟု ကြားသိခဲ့ရဖူးသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ သောကာလဖြစ်ခဲ့သည်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ စိုက်ပျိုးရေရရှိရေး စီမံခန့်ခွဲမှုများ

ဤကာလသည် တော်လှန်ရေးကောင်စီကာလနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်သော ကာလဖြစ်သည်။ တစ်ပါတီစနစ် ၂၆ နှစ် ကြာခဲ့သည်ဟု  လူအများသိနေကြပြီးဖြစ်သည်။  ဤ ၂၆  နှစ်အတွင်း လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဟု ကြွေးကြော်ခဲ့သည်။ တောင်သူ လယ်သမားကြီးများကို ကျေးဇူးရှင်ကြီးများဟု ဆိုခဲ့သည်။ ပြည်သူ့ဘဝကို ဆိုရှယ်လစ်လမ်းစဉ်ဖြင့်  မြှင့်တင်ပေးမည်ဟုဆိုခဲ့သည်။  တကယ်ရော ဆောင်ရွက်နိုင်ခဲ့ပါသလား။ မည်မျှဆောင်ရွက်ခဲ့ပါသနည်း။ ဆည်မြောင်း တာတမံလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကို လေ့လာကြမည်။

  ဆက်လက်ဖော်ပြပါမည်။