ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများနှင့် မြိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)တို့၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

 

ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများနှင့် မြိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)တို့၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၂

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။

    ဦးစွာ  ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို  ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအကဖြင့် ဖွင့်လှစ်သည်။ ထို့နောက် တိုင်းမှူးက ကျောင်းသား/ ကျောင်းသူများအား ပညာရေးနှင့်ပတ်သက်၍ အားပေးစကား ပြောကြားပြီး ကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ရိုးရာနှင့် ခေတ်ပေါ် တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာအကများ၊ ပြဇာတ်သရုပ်ဖော်ခြင်းများဖြင့် တီးခတ် သီဆိုဖျော်ဖြေခဲ့ကြသည်။

      ယင်းနောက် တိုင်းမှူးက ခိုလမ်မြို့၊ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက်  ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊သ င်္ချာစွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း ကျောင်းသား/ကျောင်းသူများ၏ တီထွင်ပြုလုပ်ထားသော စက်မှု၊ လက်မှု လက်ရာများ၊ သင်ထောက်ကူပစ္စည်းများပြခန်းများနှင့် သိပ္ပံလက်တွေ့ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

    အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း(ကျွဲကူး)၏ ၂၀၂၃-၂၀၂၄ ပညာရေးနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပုလဲရွှေရည်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်း သားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

  ဦးစွာ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်း တေးသီချင်းဖြင့် သီဆို ဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော်အား ဖွင့်လှစ်ပြီး တိုင်းမှူးက အဖွင့်အမှာစကားပြော ကြားသည်။  ထို့နောက် ခရိုင်ပညာရေးမှူးက ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခွင့်ရက်မပျက်ဆုရ ဆရာ/ဆရာမများနှင့် တိုင်းဒေသကြီး အဆင့် အားကစားထူးချွန်ဆုများ၊ မြို့နယ်အဆင့် စာစီစာကုံးထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများ၊ Grade-9 အတန်းတွင် တိုင်းဒေသကြီးစစ် စာမေးပွဲတွင် (A)အဆင့် ရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများနှင့် Grade အတန်းများအလိုက် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တိုင်းမှူးနှင့်တာဝန်ရှိသူများ က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

     ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးငွေပဒေသာပင်အလှူ ငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျောင်းသား/ကျောင်း သူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။