ဂြိုဟ်တုများက မြေငလျင်ကြီးများကို ၁၉ ရက်ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိမည်

ဂြိုဟ်တုများက မြေငလျင်ကြီးများကို ၁၉ ရက်ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိမည်

သဘာဝဘေးဆိုတာ  ဘယ်အချိန်၊ ဘယ်နေရာမှာ  ဘယ်လိုပုံစံမျိုးနဲ့ရောက်လာမလဲဆိုတာကို ဘယ်သူမှ တော်ရုံတန်ရုံမသိကြပါဘူး။ လူသားတွေ  သေကျေပျက်စီးဆုံးရှုံးရတာကလည်း    ဒီလိုမျိုး သဘာဝဘေး တွေကြောင့်ပါပဲ။

သဘာဝဘေးတွေထဲမှာ  မြေငလျင်လှုပ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မုန်တိုင်းတိုက်တာ  အစရှိတာတို့ ပါဝင်ပါတယ်။

မြေငလျင်လှုပ်တာကလွဲလို့ တခြားသဘာဝဘေးတွေက ကြိုတင်ခန့်မှန်းလို့ရတာတွေချည်းပါပဲ။ မြေငလျင်လှုပ်မယ့် အခြေအနေကိုတော့ ဘယ်လိုမှကြိုတင်ခန့်မှန်းလို့မရပါဘူး။

တကယ်လို့များ ဘယ်နေရာမှာပြင်းအား ဘယ်လောက်ရှိတဲ့ မြေငလျင်လှုပ်ခတ်တော့မယ်ဆိုတာကို  အချိန်မီသိရရင် တာဝန်ရှိသူတွေအနေနဲ့ အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်မှာပါ။ ဒါဆိုရင်တော့ လူ့အသက်တွေကို လည်း ကယ်ဆယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒါပေမဲ့ မြေငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တဲ့အခြေအနေပါ။  ပြောရမယ်ဆိုရင် ဒီလိုကြိုတင်ခန့်မှန်းဖို့က စိတ်ကူးယဉ်အိပ်မက်မျှသာဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အားလုံး တွေးထင်ကြမှာအမှန်ပါပဲ။

အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ မကြာသေးမီကထွက်ပေါ်လာတဲ့ သုတေသနတစ်ခုအရဆိုရင်  ကျွန်တော်တို့ အနေနဲ့ မြေငလျင်လှုပ်မယ့်အခြေအနေကို ကြိုတင်ခန့်မှန်းသိရှိနိုင်ဖို့အတွက် နီးစပ်လာပြီ လို့ဆိုရမှာပါ။

အထူးသဖြင့် သုတေသနပညာရှင်တွေက မြေငလျင်ကြိုတင်သတိပေးစနစ်ကို ဖန်တီးနေကြတာပါ။ ဒီလိုဖန်တီးမှုကလည်း သိပ်အလှမ်းမဝေးတော့ဘူးလို့ သုတေသနအဖွဲ့ခေါင်းဆောင် မယ်ဒီအာခွန်ဇာဒါ ကပြောပါတယ်။

ပါမောက္ခ မယ်ဒီအာခွန်ဇာဒါဆိုတာ တီဟီရန်တက္ကသိုလ်မှဖြစ်ပြီး သူဟာ တူကီယဲနဲ့ဆီးရီးယားမှာ ပြင်းအား ၇ ဒသမ ၈ ရစ်ချတာစကေးရှိ  ငလျင်ကြီးမလှုပ်ခင် လများစွာကတည်းက  ဓာတုဗေဒဆိုင်ရာနဲ့ ကမ္ဘာ့လေထုအတွင်း  မူမမှန်မှုများကို လေ့လာပြီး ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်နေခဲ့တာပါ။

အဲဒီငလျင်ကြီးက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် တူကီယဲ နိုင်ငံမှာ ပြည်သူ ၅၀၀၀၀ ကျော်  သေဆုံးခဲ့ရပါတယ်။

ဆီးရီးယားမှာသေဆုံးသူနဲ့ပေါင်းလိုက်ရင်တော့ စုစုပေါင်းပြည်သူ ၅၅၀၀၀ ကျော်သေဆုံးခဲ့တာပါ။ ဒီပမာဏဟာ  ကမ္ဘာ့သမိုင်းတစ်လျှောက် လူသေဆုံးမှု အများဆုံးသော  ငလျင်တစ်ခုဖြစ်စေခဲ့တယ်ဆိုရင် မမှားပါဘူး။

အရင်တုန်းကမြေငလျင်တစ်ခုလှုပ်တော့မယ်ဆိုရင် ရှေ့ပြေးနိမိတ်တွေရှိတယ်လို့ဆိုပါတယ်။   အခုအချိန် ထိလည်း အဲဒါတွေက ရှိနေတုန်းပဲလို့သိရပါတယ်။ ဒါပေမဲ့  ဒါတွေက   တကယ်ဟုတ်လား၊ မဟုတ်ဘူး လားဆိုတာကို  ဒီနေ့အချိန်ထိ တိတိကျကျ    မသတ်မှတ်နိုင်သေးပါဘူး။

ဒါ့အပြင် အရင်ကအသုံးပြုခဲ့တဲ့ နည်းပညာနဲ့နည်းလမ်းတွေက သုတေသနပညာရှင်တွေအနေနဲ့ မြေငလျင် လှုပ်ခတ်နိုင်ခြေရှိတဲ့ဒေသတွေကို ခန့်မှန်းနိုင်စေဖို့ ကောင်းစွာအထောက်အကူ မဖြစ်စေခဲ့ ပါဘူး။

အခုအချိန်မှာတော့ ဂြိုဟ်တုနည်းပညာကြောင့် မြေငလျင်လှုပ်ခတ်မယ့် အခြေအနေတွေကို  ကောင်း ကောင်း ကြီးကြိုတင်ခန့်မှန်းနိုင်တော့မှာပါ။

ပါမောက္ခ မယ်ဒီအာခွန်ဇာဒါတို့ရဲ့သုတေသနမှာဆိုရင် သူတို့က တရုတ်နိုင်ငံမှ မြေငလျင်-လျှပ်စစ် သံလိုက်လှိုင်းဂြိုဟ်တုဖြစ်တဲ့ CSES-01 နဲ့ ဥရောပအာကာသအေဂျင်စီမှ Swarm ဂြိုဟ်တုများကို အသုံးပြုခဲ့ပါတယ်။

အဲဒီဂြိုဟ်တုတွေက ပါမောက္ခမယ်ဒီအာခွန်ဇာဒါကို ဘာတွေတွက်ချက် ထုတ်ပေးနိုင်လဲဆိုတော့ ကမ္ဘာကြီး လည်ပတ်မှုစနစ် အတွင်းမှာရှိတဲ့ အပူချိန်၊ အီလက်ထရွန်သိပ်သည်းဆတို့အပြင် လေထု အတွင်းမှာရှိတဲ့ ရေငွေ့၊ မီသိန်းဓာတ်၊ အိုဇုန်း၊ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ စတာတွေရဲ့ အချက်အလက်တွေဖြစ်ပါတယ်။ ပါမောက္ခမယ်ဒီအာခွန်ဇာဒါဟာ အဲဒီအချက်အလက်တွေကိုသုံးပြီး ငလျင်လှုပ်ခတ်နိုင်မှု အခြေအနေကို လေ့လာနိုင်ခဲ့တာပါ။

စိတ်ဝင်စားဖွယ်ကောင်းစွာပဲ ပါမောက္ခမယ်ဒီအာခွန်ဇာဒါက တူကီယဲငလျင်ကြီးမလှုပ်မီ ၁၉ ရက်နဲ့ ၁၂ ရက်ကြားမှာ မြေထု အတွင်းမူမမှန်မှုများကို တွေ့ရှိခဲ့ပါတယ်။

ငလျင်မလှုပ်မီ ၁၀ ရက်ကနေ ၅ ရက်အတွင်းမှာ လေထုမူမမှန်မှုများကိုတွေ့ရှိကာ ၅ ရက်ကနေ ၁ ရက်အတွင်းမှာတော့ အိုင်းယွန်းအလွှာအတွင်းမူမမှန်မှုများကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်  အခုသုတေသနရဲ့ ရလဒ်တွေက  မြေထုရဲ့အောက်ဆုံးအလွှာများမှသည် အိုင်းယွန်းအလွှာရဲ့  အမြင့်ဆုံးအလွှာအတွင်း မြေငလျင်ရှေ့ပြေးနိမိတ်များ ဖြစ်ပေါ်မှုအစီအစဉ်ကို အတည်ပြုနိုင်ခဲ့ တာတွေ့ ရပါတယ်။

တစ်နည်းပြောရမယ်ဆိုရင် မြေပြင်ပေါ်မှာဖြစ်ပေါ်တဲ့ လက္ခဏာတွေက မြေပြင်အထက်ကို ရောက်လာ တာ ဖြစ်တယ်လို့ဆိုရမှာပါ။ ဒါတွေကိုသိရှိဖို့အတွက်ဆိုရင် အမျိုးမျိုးသော အာရုံခံဂြိုဟ်တုတွေကို အသုံးပြုဖို့လိုအပ်သလို ဒီလိုမျိုးအသုံးပြုခြင်းအားဖြင့် မြေငလျင်လှုပ်မယ့် ရှေ့ပြေးလက္ခဏာတွေကို သီတင်းပတ်နှစ်ပတ်ကျော် ကြိုတင်သိရှိမှာဖြစ်တယ်လို့ ပါမောက္ခမယ်ဒီအာခွန်ဇာဒါ ကပြောပါတယ်။

မြေငလျင်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟိုင်ချန်မြို့မှာ တော်တော်လေးကိုနာမည်ကြီးသွားတဲ့ ဖြစ်စဉ် တစ်ခုရှိပါတယ်။ အဲဒါကတော့ ပြင်းအား ၇ ဒသမ ၃ ရစ်ချတာစကေးရှိတဲ့ ငလျင်ကြီးတစ်ခု မလှုပ်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာ တိရစ္ဆာန်တွေရဲ့ မူမမှန်တဲ့ပြုမူမှုတွေနဲ့ တခြားသော လက္ခဏာ တွေကို ကြည့်ပြီး   ကြိုတင်ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ငလျင်မလှုပ်မီရက်ပေါင်းများစွာအတွင်း ကမ္ဘာကြီးလည်ပတ်မှုစနစ်မှာ ပြောင်းလဲမှုများစွာ ရှိလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့   ကြိုတင်မှန်းဆရပါတယ်။ အခုအချိန်မှာ  အဲဒီလိုပြောင်းလဲမှုတွေကို ဂြိုဟ်တုတွေအသုံးပြုပြီး ရှာဖွေအတည်ပြုလာနိုင်ပါပြီ။

မြေငလျင်နဲ့ပတ်သက်လို့ ပါမောက္ခမယ်ဒီအာခွန်ဇာဒါတို့ရဲ့ တွေ့ရှိချက်နောက်တစ်ချက်က တူကီယဲ ငလျင်ကြီးမတိုင်မီမှာ နေနဲ့ ကမ္ဘာ့သံလိုက်ဓာတ်အညွှန်းကိန်းတွေ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေတာ ကိုတွေ့ရတာပါ။

ဒီအတွက်ကြောင့် နေနဲ့ကမ္ဘာ့သံလိုက် ဓာတ်အားဆက်နွှယ်မှုတွေကို လေ့လာဖော်ထုတ်ခြင်းအားဖြင့် ငလျင်လှုပ်မယ့် အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်လိမ့်မယ့်လို့ယုံကြည်ကြောင်း   ပါမောက္ခမယ်ဒီ အာခွန်ဇာဒါက ပြောထားပါသေးတယ်။

ဒါဆိုရင် အခုသုတေသနကနေစပြီးတော့ နောက်ထပ်အဆင့်မြင့် သုတေသနတွေကို လုပ်ဆောင်ခြင်း အားဖြင့် သိပ်မကြာခင်အချိန်အတွင်းမှာ မြေငလျင်ကြိုတင်သတိပေးစနစ်တွေကို ဖန်တီးလာနိုင် တော့မှာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။   

Ref:IE

ထက်မြတ်