ရှောင်လေဝေးဝေး မူးယစ်ဆေး

ရှောင်လေဝေးဝေး မူးယစ်ဆေး

 

လူသားတစ်ရပ်လုံးကို ဒုက္ခမျိုးစုံပေးနေသော မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခြင်း သတင်းများကို ကြားရလေတိုင်း ပြည်သူတို့ဝမ်းသာကြသည်။ ဖမ်းဆီးရမိရေး စွန့်စွန့်စားစား ဆောင်ရွက်ပေးသူ အပေါင်းကိုလည်း ကျေးဇူးတင်ကြသည်။ ဇွန်လ ၁ ရက်နေ့သတင်းများတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၌ ငွေကျပ် ၄ ဒသမ ၄၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်းဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ ဇွန်လ ၁၃ ရက်နေ့ထုတ်သတင်းများတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလိုဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

အလားတူ ဇွန်လ ၁၉ ရက်နေ့သတင်းများတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ တရားခံ ၁၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များ၏ စွမ်းဆောင်မှုကြောင့် ယခုကဲ့သို့ဘီလီယံနှင့်ချီတန်ဖိုးများပြားသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများမှာ နေ့စဉ်နီးပါးကြား သိနေရသည့် သတင်းများဖြစ်ပြီး တန်ဖိုးအနည်းအများသာ ကွာခြားသည်။

မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများကို ဖမ်းဆီးရမိခြင်းသည် နိုင်ငံတော်အတွက် များစွာကောင်းကျိုးရှိစေသော ဆောင်ရွက်ချက်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် လူငယ်လူရွယ်များသည် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားကြသည်။ မသုံးစွဲရလျှင် မနေနိုင်လောက်အောင် စွဲစွဲလမ်းလမ်းဖြစ်သွားသည့်အခါ မူးယစ်ဆေးဝါးပိုင်ဆိုင်ထားသူ၏ ခိုင်းသမျှလုပ်ဆောင်ကြရသည်။ စေသည့်ကျွန်၊ ထွန်သည့် နွားဘဝသို့ ကျရောက်သွားကြရသည်မှာ မိဘများအတွက် လွန်စွာဝမ်းနည်းဖွယ် ကောင်းလှသည်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းအများစုသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပြုကာ တရားမဝင်လက်နက်ခဲယမ်းများဝယ်ယူကြသည်။ ထိုလက်နက် ခဲယမ်းများဖြင့် အေးချမ်းစွာ နေထိုင်ကြသော ကျေးလက်ဒေသနှင့် အစွန်အဖျားမြို့ပြဒေသများသို့ ဝင်ရောက်ကာ ပစ္စည်းယူ၊ ဓားပြတိုက်၊ လူသတ်၊ မီးရှို့ကာ အကြမ်းဖက်လုပ်ရပ်မျိုးစုံကိုလုပ်ဆောင်လျက်ရှိကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိအောင်  ဆောင်ရွက်နိုင်သူတို့သည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင်  လက်နက်စွဲကိုင်ကာ မြို့ရွာဒေသများ တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်ဆောင်နေသည့် AA အကြမ်းဖက် အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အဓိကလုပ်ဆောင်လျက် ရှိသည်။ AA တပ်ဖွဲ့ဝင်များ၏မူးယစ်ဆေးဝါးလုပ်ဆောင်မှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဦးစီးဌာန (Department  of  Narcotics  Control-DNC) ၏ မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိတ်ကြွဆေးပြားသုံးစွဲသူ ရှစ်သန်းခန့်ရှိပြီး လွန်ခဲ့သည့်သုံးနှစ်အတွင်း နှစ်စဉ့်Yaba စိတ်ကြွဆေးဖမ်းဆီးရမိမှု ကမ္ဘာ့ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း၊ နှစ်စဉ်နှစ်တိုင်း DNC အဖွဲ့က Yaba  စိတ်ကြွဆေးပြားသန်း ၅၀ ကျော်ကိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့်စိတ်ကြွဆေးပြားများ မှာ AA အဖွဲ့ထိန်းချုပ်နယ်မြေများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများ၏ နောက်ကွယ်တွင် AA တပ်ဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိကြောင်း DNC အဖွဲ့၏ ၂၀၂၁ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူသည်မွေးဖွားလာကတည်းက ပတ်ဝန်းကျင်နှင့်ကင်းကွာနေထိုင်၍ရသည်မဟုတ်ပါ။ လူမှုပတ်ဝန်းကျင်ကောင်း တစ်ရပ်ဖြစ်ပေါ်လာစေရန်မှာ လူသားတစ်ဦးချင်းကိုယ်တိုင်က ကြိုးစားတည်ဆောက်ရမည်ဖြစ်သည်။  မူးယစ် ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့ကို မိမိတို့ပတ်ဝန်းကျင်တွင်လုပ်ဆောင်နေကြောင်းသိရှိလျှင် သက်ဆိုင်ရာ သို့ လျှို့ဝှက်သတင်းပေးကြရမည်ဖြစ်သည်။ အများကောင်းကျိုးအတွက် သတင်းပေးခြင်းမျိုးမှာ လူသားတာဝန် ကျေပွန်ခြင်းဖြစ်သည်။ အကယ်၍ မိမိနှင့်မဆိုင်ဟုသဘောထားကာ လျစ်လျူရှုနေမည်ဆိုပါက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းကို အားပေးခြင်းမျိုးပင်ဖြစ်ပေလိမ့်မည်။ မူးယစ်ဆေးဝါးသုံးစွဲမှု၏ နောက်ဆက်တွဲဆိုးကျိုး ဖြစ်သည့် ရာဇဝတ်မှုကိုကျူးလွန်ပေလိမ့်မည်။ ဆိုးခိုးနှိုက်သမားအဖြစ်မှ ဓားပြအဆင့်သို့ရောက်မည်။ ဓားပြအဆင့်မှ နောက်ဆုံးတွင် အကြမ်းဖက်လူသတ်သမားအဖြစ်သို့  ရောက်ရှိသွားပေလိမ့်မည်။ မူးယစ်ဆေးဝါးစဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးအတွက်  ငွေကြေးလိုအပ်သည်။  အဆိုပါ ငွေကြေးရရှိဖို့အတွက်  ငွေကြေးအနည်းငယ်ပေးကာ လူသတ်ခိုင်းလျှင် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်သည်။ ဤဖြစ်စဉ်များမှာ အကြမ်းဖက်လူသတ်သမားတို့ကိုဖမ်းဆီးရမိတိုင်း တူညီသောအဖြေဖြစ်ပေရာ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှာ အရင်းခံဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် မရိုးနိုင်သော ဆောင်ပုဒ်ဖြစ်သည့် ရှောင်လေဝေးဝေး  မူးယစ်ဆေး ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကို ဝေးဝေးက ရှောင်ရှားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

Dates: 
Thursday, July 4, 2024 - 08:07