ကျောက်ကပ်ရောဂါ သတိပြုစရာ

ကျောက်ကပ်ရောဂါ သတိပြုစရာ

လူ့ခန္ဓာကိုယ်အတွင်းမှ  ကျောက်ကပ်သည်  ရေဆိုးထုတ်သည့်  မြောင်းများနှင့် အလားသဏ္ဌာန် တူသည်။ ခန္ဓာကိုယ်အတွင်း မှ အညစ်အကြေးရေဆိုးများကို သန့်စင် ရန်   တာဝန်ယူဆောင်ရွက်ရသော   အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ အလွန်အရေးကြီးသော တာဝန်ဖြစ်သဖြင့် ကျောက်ကပ်သည် တခြား ကိုယ်တွင်းအင်္ဂါများကဲ့သို့    တစ်ခုတည်းမဟုတ်ဘဲ နှစ်ခုပါလာခြင်းဖြစ်သည်။

ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ရန် ရေများများ လိုအပ်သည်။ ရေသောက်နည်းသောသူများ၏ ကျောက်ကပ်သည် အညစ်အကြေးများခိုအောင်းပြီး ရောဂါ ဖြစ်စေနိုင်သည်။ ကျောက်ကပ်တွင် စစ်ထုတ်နိုင်သော ဆန်ခါများရှိသည်။ ရေသောက်နည်းလျှင်  ထိုဆန်ခါများတွင် အညစ်အကြေးများ  တင်ကျန်ပိတ်ဆို့ကာ ကျောက်ကပ်ပျက်စီးနိုင်သည်။

ကျောက်ကပ်ရောဂါသည်လည်း ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်းတစ်မျိုးဖြစ်သည်။      ကွမ်းစားသောဓလေ့သည်လည်း ကျောက်ကပ်တွင် ကျောက်တည်စေနိုင်သော အကြောင်းရင်းဖြစ်သည်။ တွင်းရေ၊ ကန်ရေများသောက်သုံး၍လည်း  ဖြစ်နိုင်သည်။ ရေပေးဝေရေးများမှ ရေတွင်လည်း တစ်ခါ တစ်ရံ မြောင်းရေများပါလာတတ်သည်။ ရေသန့်ဘူးတချို့တွင်ပင် အနည်များပါသည်ကို တွေ့ရဖူး သည်။ ထုံးဓာတ်ပါသည်ဟု ထင်ရသောရေကို ကျိုချက်ကြည့်လျှင် အိုးများတွင် ရေချိုးများကပ်လာပါက မသောက်သုံးသင့်ပေ။

ဓာတုဗေဒဆိုးဆေးများ သုံးစွဲထားသည့်  စားစရာများနှင့် မုန့်မျိုးစုံတို့ကြောင့် ကလေးများတွင်ပင် ကျောက်ကပ်ရောဂါ ဖြစ်နေသည်ကို တွေ့ရသည်။ ကျောင်းသားအရွယ် ကလေးငယ်တစ်ဦး   ခါးနာနေ သောကြောင့်  စစ်ဆေးကြည့်သောအခါ ကျောက်ကပ်ရောဂါကြောင့် ခါးနာနေခြင်းဖြစ်သည်ကို တွေ့ရ သည်။ ကလေးများသည် အရောင်စုံသော စားစရာမုန့်များကို   နှစ်သက်ကြသဖြင့်    အစားအသောက်များ တွင်အသုံးပြုသည့် ဆိုးဆေးမဟုတ်သော ပိုးဆိုးဆေး၊ ချည်ဆိုးဆေးများ ဆိုးထားသော မုန့်များကို ဝယ်စားတတ်ကြသည်။ ထိုဓာတုဗေဒဆိုးဆေးများသည်    ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။

ကျောက်ကပ်တွင် ကျောက်တည်သူများ မကြာခဏခါးနာတတ်သည်။ ခါးနာခြင်းကိုသေချာ မစစ်ဆေးဘဲ   အကိုက်အခဲ ပျောက်ဆေးများသောက်လျှင် ကြာသော အခါ  ကျောက်ကပ်အတွက်   ပို၍ဆိုးစေ သည်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများသည် အကိုက်အခဲပျောက်ဆေး အလွန်အကျွံ သုံးစွဲသူများ တွင် ဖြစ်လေ့ရှိသည်။

ကျောက်ကပ်တွင် ကျောက်တည်၍ဖြစ် သည့်ခါးနာခြင်းနှင့် ရိုးရိုးခါးနာခြင်းကို ခွဲခြားသိနိုင်သောနည်းမှာ အထိုင်များသူများတွင်ဖြစ်သော ရိုးရိုးခါးနာခြင်းမှာ ခါးအလယ်တည့်တည့်မှနာပြီး နံဘေးနှစ်ဖက်သို့ ပျံ့နှံ့သွားသည်။  ညောင်းပြီးနာခြင်းဖြစ်သည်။ အထိုင်အထလေးသည်။

ကျောက်ကပ်တွင် ကျောက်တည်ခြင်းကြောင့်ဖြစ်သောခါးနာမှာ ခါးတစ်ခြမ်းစောင်းနာသည်။ ကျောက် တည်သည့်   ကျောက်ကပ်ဘက်အပြင်ခါးတွင်  ပို၍နာသည်။  ညောင်းပြီး   နာခြင်းမျိုးမဟုတ်၊ ပူပြီးစူး၍ နာခြင်းဖြစ်သည်။ တစ်ခါတစ်ရံအတွင်းမှစူးပြီး ထိုးနေသကဲ့သို့၊ ပြည်တည်နေသကဲ့သို့ ကိုက်သည်။   ဆီးသွားလျှင် တစ်ခါတစ်ရံ ကျောက်မှုန်အစအနလေးများ၊ အနည်များ ပါလာတတ်သည်ကို တွေ့ရသည်။

ကျောက်ကပ်တွင်  ကျောက်တည်ခြင်း ကို စောစီးစွာသိလျှင် ကျောက်ကြေဆေးများဖြင့် ကုသနိုင်သည်။ လူသိများသော ဆေးပင်မှာ ကျောက်ကွဲပင်ဖြစ်သည်။ မြေ တွင်ကပ်ပေါက်သော နွယ်ပင်မျိုးဖြစ်သည်။ ကျောက်ကွဲပင်ပဉ္စငါးပါးကို သုံးခွက်တစ် ခွက်တင်ပြုတ်ပြီးသောက်လျှင် တစ်ပတ်ခန့်အကြာတွင် ကျောက်များ ကျလာတတ်သည်။ သံမနိုင် ကျောက်မနိုင်ပင်ကို ပြုတ်ပြီးသောက်လျှင်လည်း ကျောက် ကပ်မှ ကျောက်များ ကျလာနိုင်သည်။ ကျောက်ကျ ပြီးနောက် ကျောက်ပြန်မတည်စေရန် ဆေးမြင်းခွာ သို့မဟုတ် ရိုးရိုးမြင်းခွာရွက်ကို  နေလှန်းပြီး  လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင်ခတ်၍    သောက်လျှင် လည်း    ကျောက်ကပ်အတွက် ရေရှည်ကောင်းသည်ဟုဆိုသည်။

လူသိများသော တောဆီးဖြူ၊  သံမနိုင် ကျောက်မနိုင်၊  ကျောက်ကွဲရွက်၊  ဆေးမြင်းခွာ၊ ထိကရုံးဆူးပေါက် စသည့်အပင်များသည် ဆေးဖက်ဝင်သည်။ ကျောက်ကပ်အတွက် ကောင်းသည်။ ကျောက်ကျသည် ဟုဆိုသည်။ ကျောက်ကပ်တွင် ကျောက်ရှိ၊ မရှိကို  သေချာမသိဘဲ  အဆိုပါဆေးရွက်များကို ပြုတ် သောက်ခြင်းမပြုလုပ်သင့်ပေ။ မလိုအပ်ဘဲသောက်လျှင် ကျောက်ကပ်အတွက် အန္တရာယ်ဖြစ်စေနိုင် သည်။ အမှန် တကယ် ကျောက်ရှိသည်ဟု သေချာလျှင်လည်း  နှစ်ပတ်မှ  တစ်လအထိသောက်ပြီး ကျောက်ကျသွားပြီးသောအခါ နောက်ပိုင်းတွင် မလိုအပ်ဘဲ ဆက်မသောက်သင့်ပေ။ 

မြန်မာဆေးပင်များကို ဘေးထွက်ဆိုးကျိုးမရှိဟုထင်မှတ်ပြီး ပိစပ်ရွက်၊ စူလာနဖာ စသည့်အရွက်များကို  ရက်ရှည်လများ   ပြုတ်သောက်၊ အရည်ညှစ်သောက်ပြီးနောက်ပိုင်း သွေးပေါင်အလွန်ကျကာ ဆေးရုံသို့ ရောက်ရသူများရှိခဲ့ဖူးသည်။ သဘာဝဆေးပင်ဖြစ်၍ ဘေးထွက်ဆိုးကျိုးမရှိဟု မမှတ်ယူသင့်ပေ။    အထူးသဖြင့်   အသည်းနှင့် ကျောက်ကပ်တို့သည် အဆိပ်အတောက် တို့ကို ဖယ်ရှားစွန့်ထုတ် ပေးရသည့်  ကိုယ်တွင်းအင်္ဂါများဖြစ်သည်။ တစ်ခါတစ်ရံ အဆိပ်အတောက်များလွန်း၍ ၎င်းတို့ကိုယ်တိုင် ပျက်စီးသွား ရသည်များရှိသည်။ ကျောက်ကပ်၊  အသည်းတို့သည်  အရေးကြီးသော  ကိုယ်တွင်းအင်္ဂါများဖြစ်သဖြင့် မပျက်စီးအောင် အထူးဂရုပြုသင့်သည်။

  ကျောက်ကပ်မပျက်စီးစေရန်-

- ဆေးများကို  မလိုအပ်ဘဲ မသောက်ပါနှင့်။

-  ဆေးသောက်ရလျှင်လည်း လိုအပ်သော ရက်အတိုင်းအတာထိသာ သောက်သင့်သည်။ ရောဂါ ပျောက်ကင်းသွားလျှင် ဆက်မသောက်ပါနှင့်။

- ဆေးမြီးတိုများကို မသုံးစွဲပါနှင့်။

- ဆေးဖက်ဝင်အပင်များကို တတ်ကျွမ်း နားလည်သော သမားတော်နှင့်မတိုင်ပင်ဘဲ ရောဂါတစ်ခု ခုအတွက်   အတိုင်းအဆမဲ့ မသောက်သင့်ပါ။

- ဆေးဖက်ဝင်သည့်    အပင်တိုင်းတွင် အတိုင်းအဆလွန်လျှင်   ဘေးထွက်   ဆိုးကျိုးရှိသည်ကို သတိပြုပါ။

တိုင်းရင်းဆေးသမားတော်နှင့် မတိုင်ပင်ဘဲ မိမိသဘောဖြင့် ဝယ်ယူသောက်သုံးခြင်းအမှားသည် ဆရာဝန်မပြဘဲ အင်္ဂလိပ်ဆေးကို ဆေးဆိုင်မှ စပ်ဆေးများဝယ်ယူ သောက်သုံးခြင်းနှင့်   အလားတူသည်။ မြန်မာဆေးဖြစ်စေ၊ အင်္ဂလိပ်ဆေးဖြစ်စေ  ဆေးမှားလျှင် ကျောက်ကပ်ပျက်စီးစေနိုင်သည်။

ရေများများသောက်ခြင်းသည် ကျောက်ကပ်အတွက် ကောင်းစေသော်လည်း အချိုရည် သောက်သူများ သည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သည်။ ဆီးချိုရောဂါကြောင့် သွေးတွင်းသကြား ဓာတ်များ ခြင်းသည် ကျောက်ကပ်ကိုပျက်စီးစေနိုင်သည်။ အရက်သောက်ခြင်း၊ အပူအစပ်အစားများခြင်း၊    တညင်းသီး အစားများခြင်း၊ အငန်နှင့် ဟင်းချိုမှုန့်အစားများခြင်းတို့ကြောင့်လည်း ကျောက်ကပ် ပျက်စီးစေနိုင်သည်။

ဆေးပညာတိုးတက်မှု မြင့်မားလာပြီး ခေတ်မီဆန်းသစ်သော ခွဲစိတ်ကုသမှုများကြောင့် လေဆာ ရောင်ခြည်ဖြင့် ကျောက်ခြေခြင်း၊ ကျောက်ကပ်ဆေးခြင်း၊ ကျောက် ကပ်အစားထိုးကုသခြင်းများ ပေါ်ပေါက် လာသော်လည်း   ကုန်ကျစရိတ်များသည်။

ကုသပြီးနောက်ပိုင်း    ဆက်၍သောက်ရမည့်ဆေးမှာလည်း အလွန်များသည်။ ကျောက်ကပ် အစားထိုးပြီး သည့်တိုင် အစားအသောက်၊ အနေအထိုင်မဆင်ခြင်လျှင် နှစ်အနည်းငယ်သာ အသက်ရှည်နိုင်သည်။

ကျောက်ကပ်နှစ်ခုရှိရာ တစ်ခုပျက်စီးလျှင် ကျန်တစ်ခုကလည်း မကောင်းသည်ကများသည်။ ထို့ကြောင့်    ကျောက်ကပ်မပျက်စီးမီကပင် အနေအထိုင်၊ အစားအသောက်ဆင်ခြင်၍ ကျောက်ကပ် မပျက်စီးရ အောင် ဂရုပြုနေထိုင်ခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ကျောက်ကပ်ကောင်းစေရန် အိပ်ရာဝင်နှင့်   အိပ်ရာထချိန်တွင် ရေများများ သောက်ပေးပါ။ တချို့ စာအုပ် စာစောင်များတွင် တစ်ရက်လျှင် ရေဘယ်နှပုလင်းသောက်ရမည်၊ ဘယ်နှလီတာသောက်ရမည် စသည် ဖြင့်ပါသည်။ မလိုအပ်ပါ။ လူတစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်အချိုးအစား၊ အပိန်အ၀ မတူကြပါ။ မိမိ သောက်နိုင်သလောက်သာ သောက်ရန်လိုသည်။ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ဆူးပန်းရွက်၊ နံနံပင်၊   ပြည်ပန်းညိုရွက်၊  ပုစွန်စာရွက်၊ ငါးရံ့ပလူရွက်၊ ထိကရုံးရွက်၊ တောဆီးဖြူရွက်၊ ရှောက်ရွက်၊ ဒန့်သလွန် ရွက်၊ အဝေရာရွက်များ နေ့စဉ်စားသုံးပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။   ။

ကြည်လွင်မြင့်(မုဒြာ)

Dates: 
Thursday, July 4, 2024 - 16:04