“အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) ရှင်းလင်းတင်ပြခြင်း”အစည်းအဝေးကျင်းပ

 

“အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) ရှင်းလင်းတင်ပြခြင်း”အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၃

    ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ ရေးဆွဲပြုစုလျက်ရှိသော အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ မဟာဗျူဟာ  (၂၀၂၅-၂၀၂၉) National Immunization Strategy (NIS) (2025-2029) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုရေးဆွဲလျက် ရှိသော National Immunization Strategy သည် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ငါးနှစ်အတွင်းတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အရေးကြီးသော လမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ နောင်အနာဂတ် ၁၀နှစ်တာအတွက် မျှော်မှန်းရလဒ်များရရှိစေ ရေးအတွက် ငါးနှစ်တာဆောင်ရွက်ရမည့် လုပ်ငန်းများကို ရေးဆွဲပြုစုထားခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ အားလုံးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ နည်းဗျူဟာဆိုင်ရာ လမ်းညွှန်မှုအနေဖြင့် အသုံးပြုနိုင်ရန်အတွက်လည်း ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ မဟာဗျူဟာရေးဆွဲရာတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်များ၊ ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ ကြုံတွေ့ လာနိုင်သော အခက်အခဲများကို ဖြေရှင်းမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း၊ ဝေးလံခက်ခဲသော (Hard to reach) ဒေသများအတွက် အထူးစီမံချက်များ ရေးဆွဲခြင်း၊ အစုအဝေးနှင့် နေထိုင်သော စုရပ်များနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုခက်ခဲသော ဒေသများတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန်ဆောင်ရွက်ရမည့် အချက်များ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း။

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အကျုံးဝင်သည့်သူ တစ်ဦးတစ်ယောက်မျှ ကျန်ရှိ ခြင်းမရှိစေရေးနှင့် တိကျမှန်ကန်သော ကိန်းဂဏန်း အချက်အလက်များ ရရှိစေရေး၊ ကာကွယ်ဆေး လိုအပ်ချက်များအတွက် ဦးစားပေး ဆောင်ရွက်စေရေး၊  ကာကွယ်ဆေးထိုးနှံခြင်းများကို  ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးမှုများ တိုးတက်လာစေရေးတို့ အတွက် လိုအပ်သော စွမ်းအားစုများကို ခန့်မှန်းတွက်ချက်ပြီး ထည့်သွင်းဖော်ပြရန်    လိုအပ်ကြောင်း၊ National Immunization Strategy (၂၀၂၅-၂၀၂၉) ငါးနှစ်တာရေးဆွဲရာတွင် အရည်အသွေးပြည့်ဝ၍ လက်တွေ့အသုံး ဝင်သော မဟာဗျူဟာ ရေးဆွဲနိုင်ရေးအတွက် တက်ရောက်လာသူများအားလုံး ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးရန် ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်သစ္စာလွင်က National Immunization Strategy (2025-2029)  ရေးဆွဲရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်  Dr. David Sulaberidzeက ရေးဆွဲထားသော National Imm-unization  Strategy  (2025-2029) (မူကြမ်း)ကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက    ပြန်လည်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်  ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် Clinton Health Access Initiative (CHAI) အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Dates: 
Thursday, July 4, 2024 - 21:19