ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်း၍ ကျန်းမာရေး အသိပညာ မျှဝေဆွေးနွေးပွဲ ကျင်းပ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်း၍ ကျန်းမာရေး အသိပညာ မျှဝေဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဇွန်  ၁၉

 

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အသိ ပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၄၂) ကို ယနေ့ မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး  နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။

ဦးစွာ  ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခုဆွေးနွေးပွဲမှတစ်ဆင့် ဆီးချိုနှင့်သွေးတိုးရောဂါ ဖြစ်ပွားရသည့်   အကြောင်းရင်းများ၊   ကြိုတင်ကာကွယ်လိုက်နာသင့်သည့်အချက်များ၊ နေ့စဉ်ဘဝတွင်   နေထိုင်စားသောက်မှု ပုံစံများအပြင် ကျန်းမာရေးအပေါ် Climate Change ၏ အကျိုးသက်ရောက်မှုများ ကိုလည်း သိရှိခွင့်ရမည်ဖြစ်၍ တစ်ဦးချင်း သာမက မိသားစုနှင့် လူ့အသိုက်အဝန်း (Society)အတွက်လည်း  ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ကောင်းစွာသိရှိထားခြင်းဖြင့် ကျန်းမာစွာနေထိုင်သွားနိုင်မည့် နည်းလမ်းများအတိုင်း လိုက်နာနိုင်မည်ဖြစ်သဖြင့် များစွာအကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက  "Key Notes on Climate Change and Global Health"    ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ   ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ သတိပြုလိုက်နာ ဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ Climate Change ကြောင့် ကျန်းမာရေးအပေါ်တွင်  သက်ရောက်နိုင်သည့်အချက်များ စသည်တို့ကိုလည်း ထည့်သွင်းရှင်းလင်း ဆွေးနွေးပေးကြပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့အတူ နံနက်ပိုင်းတွင်လည်း နေပြည်တော်ရှိ   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဆေးပေးခန်း၌ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် ဦးဆောင်သော အဖွဲ့က  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

Dates: 
Friday, July 5, 2024 - 03:33