ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက်လေ့လာ

 

 

ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက်လေ့လာ

 

(၅)ကြိမ်မြောက်  လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ်(5th  Lancang-Mekong   Audiovisual Week)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း - မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန်လ ၁၈ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့   သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ ဇွန်လ  ၁၈ ရက်မနက်ပိုင်းတွင် ကူမင်းမြို့ရှိ  ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်(Kunmin  University  of Science and Technology)တွင် ဘာသာရပ်ဆိုင်ရာများအလိုက် ပညာသင်ကြားနေမှု၊ နယ်ပယ် အသီးသီးအလိုက် သိပ္ပံနှင့်နည်းပညာဆိုင်ရာဆန်းသစ်တီထွင်နေမှု၊ AI နည်းပညာဆိုင်ရာ   သုတေသနနှင့် သိပ္ပံဓာတ်ခွဲခန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေမှု၊ ဘာသာစကား ၁၀၈ မျိုး၏  ပင်ကိုအသံနှင့်ဘာသာပြန်ဆိုခြင်း  လုပ်ငန်းစဉ်တွင်  ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်ထိုင်း အပါအဝင် အရှေ့တောင်အာရှနှင့် အာရှဘာသာစကားများကို အထူးအလေးထား လုပ်ကိုင်နေမှုတို့ကို ကြည့်ရှုလေ့လာကြသည်။ အဆိုပါ တက္ကသိုလ်ကို ၁၉၅၄ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ပြီး  အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ    ယခုအခါ  ကျောင်းသား၊ ကျောင်းသူ ၅၃၀၀၀ ကျော် တက်ရောက်လျက်ရှိပြီး ၎င်းတွင်   ပြည်ပနိုင်ငံများမှ လာရောက် တက်ရောက်နေသူ   ၅၈၃  ဦး ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ ယူနန် ရုက္ခဗေဒနှင့်ဇီဝနည်းပညာအုပ်စု (Yunnan  Botanee Bio-Technology Group Co.,Ltd.)သို့ သွားရောက်ကြပြီး သဘာဝပစ္စည်းများ အခြေခံပြီး သုတေသနအဆင့်ဆင့်ပြုလုပ်၍ စနစ်တကျ ထုတ်လုပ်လျက်ရှိသည့် Winona အမည်ဖြင့် အလှကုန်နှင့်အရေပြား ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်၍ကျယ်ပြန့်စွာ ဖြန့်ချိရောင်းချမှုအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါကုမ္ပဏီကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရေပြားဆိုင်ရာ ကျန်းမာရေးနှင့်ပြည့်စုံစေရေး စောင့်ရှောက်နိုင်ရန်  အထူးအလေးထား ဆောင်ရွက်မှုနှင့်အတူ   သုတေသနဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေးနှင့်   ဈေးကွက်ချဲ့ထွင်ရေးအတွက်  အုပ်စုဖွဲ့၍ ဆောင်ရွက်လျက်ရှိရာ Skincare လောကတွင် နှစ်ပေါင်းများစွာ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် လေ့လာရေးအဖွဲ့များသည် ယွိရှီမြို့ရှိ ချွန်ကျန်း သဘာဝကျောက်ဖြစ် ရုပ်ကြွင်းသမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြပြီး   ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအစား ၂၀ ခေါင်းစဉ်အောက်ရှိ မျိုးစိတ်ပေါင်း ၃၀၀ ကို သုံးထပ်အဆောက်အအုံတွင် အထပ်အလိုက် အခန်းများနှင့် ပြကွက်များခွဲခြားပြုလုပ်၍   ဒစ်ဂျစ်တယ်နည်းပညာ၊ လျှပ်စစ်မီးနှင့်အသံစနစ်များ ပေါင်းစပ်ပြီး ခင်းကျင်းပြသထားမှုများကို  လှည့်လည်ကြည့်ရှု လေ့လာကြသည်။

အဆိုပါပြတိုက်အား ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းပြတိုက်ပုံစံသည် အာရှတွင် တစ်ခုတည်းသာ ရှိနေပြီး ယူနက်စကို အသိအမှတ်ပြုထားသော ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့များသည် ယွိရှီခရိုင်၊ ချွန်ကျန်းမြို့နယ်အတွင်းရှိ မားဖန်ကျေးရွာသို့  ဆက်လက်သွားရောက်ကြပြီး ရှေးမူမပျက်  ပြုပြင်ထိန်းသိမ်းထားသော ပြတိုက်ငယ်နှင့်စုပေါင်းအရောင်းဆိုင်၊ ရိုးရာအစားအသောက်များ အိမ်ဆိုင်ဖွင့်လှစ်ရောင်းချမှုနှင့် တည်းခိုခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု၊ စိုက်ပျိုးရေး အခြေခံထုတ်ကုန်များထုတ်လုပ်ပြီး  စီစဉ်ရောင်းချမှု၊ နှစ်ရှည်စားပင်၊ ပန်းပင်များအပါအဝင်  ရာသီပန်းများကို အချိန်ကိုက်စိုက်ပျိုးပြသမှု၊ သဘာဝကြာကန်များနှင့် ရွာပတ်ကမ်းနားလမ်း ဖောက်လုပ်ထားရှိမှုတို့ကို   လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ကျေးရွာသည် ၂၀၁၉ ခုနှစ်က ယူနန်ပြည်နယ်၏ လှပသောကျေးရွာဆု၊ ၂၀၂၁ ခုနှစ်တွင် ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု အမျိုးသားစံပြဆုနှင့် ၂၀၂၃ ခုနှစ်တွင် ယွိရှီမြို့၏ ကြယ်ငါးပွင့်အဆင့်ရှိသော လှပသည့်ကျေးရွာဆုများ ရရှိထားပြီး ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့်ခရီးသွားလုပ်ငန်းများ အခြေခံသည့်   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ တောက်ပသော စံပြကျေးရွာအဖြစ် အသိအမှတ်ပြုခံထားရပြီး   ရပ်တည်နေကြောင်း သိရသည်။

ထို့နောက် ယွိရှီနှင့် ချွန်ကျန်းဒေသရှိ ဖုဟိုင်ဝမ်ကမ်းခြေသို့ ဆက်လက်သွားရောက်ကြပြီး သဘာဝ တောင်ပေါ်ရေကန်အား ပြုပြင်ထိန်းသိမ်းကာ ကမ်းခြေပတ်လမ်းနှင့် ပန်းခြံများ၊ ဖျော်ဖြေရေး အစီအစဉ်များ ဖန်တီးပေါင်းစပ်၍  စီစဉ်ဆောင်ရွက်ထားရှိမှုကို  အားပေးကြည့်ရှုလေ့လာကြသည်။

အဆိုပါ    တောင်ပေါ်ရေကန်သည် စိမ့်တောဥယျာဉ် စီမံကိန်းဧရိယာအတွင်း ၈၃ ဟက်တာခန့်ကျယ်ဝန်းကာ အရှေ့နှင့် အနောက် မီတာ၂၆၀၀ ရှည်လျားသော သာယာလှပသည့် ကမ်းခြေအဖြစ် ထင်ရှားကျော်ကြားကာ ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။

လေ့လာရေး အဖွဲ့များသည် ညပိုင်းတွင် ယွိရှီခရိုင်၊ ချွန်ကျန်းမြို့ရှိ  နာနမေိူ ြပေ ဟိုတယ်၌ ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။

Dates: 
Friday, July 5, 2024 - 03:36