ကတင်ကျေးရွာ သမဝါယမဝါစိုက်ခင်းများ ရေရရှိရေး ဆောင်ရွက်မှု ဒုတိယဝန်ကြီး ဦးမြင့်စိုး ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၏ စိုက်ဧက ၂၁၀ စိုက်ပျိုးရေရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တွင်းတိမ်ခုနစ်တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် အဆိုပါနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကတင်ကျေးရွာ ကုန်ထုတ်လမ်း ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာ၌ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ စိုက်ဧက၂၁၁ ဧကတွင် ရွှေတောင်-၁၀ ဝါမျိုးများ စိုက်ပျိုးနေသော အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ ဝါအထွက်နှုန်းတိုးရေးနှင့် အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရေး မှာကြားကာ ရမည်းသင်းမြို့နယ် နွားပွဲဈေးသို့ သွားရောက်၍ ဒေသနွားမွေးမြူထားရှိမှု၊ ရောင်းဝယ် ဖောက်ကားနေမှုများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အင်ကြင်းကန်-အုတ်ဖို-ကြံပင်-ထန်းတော ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုချုပ်သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားကြောင်း သိရသည်။