တရုတ်က တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းမည့် ဥပဒေ အသက်ဝင်
ရှန်ဟိုင်း၊ လုံခြုံရေး
တရုတ်နိုင်ငံက ပြဋ္ဌာန်းထားသော ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေတစ်ခုဖြစ်သည့် တောင်တရုတ် ပင်လယ်အတွင်း ဖြတ်သန်းသွားသော နိုင်ငံခြားသားများကို ထိန်းသိမ်းမည့်ဥပဒေသည် ဇွန်လ ၁၅ ရက် တွင် စတင်အသက်ဝင်လာကြောင်း သိရသည်။
အဆိုပါ ဥပဒေအရ နယ်စပ်ဝင်ထွက်ခွင့်ကို ချိုးဖောက်သည်ဟုယူဆရသူ နိုင်ငံခြားသားများကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခွင့်ရရှိမည် ဖြစ်သည်။
ထိုသို့ဖမ်းဆီး ထိန်းသိမ်းထားနိုင်သည့်ကာလမှာ ရှုပ်ထွေးသော ဖြစ်စဉ်များတွင်ပင် အမြင့်ဆုံးအဖြစ် ရက်ပေါင်း ၆၀ ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်သည် နယ်မြေပိုင်နက် အငြင်းပွားနေသော နေရာတစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ကာလအနည်းငယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများကြား ပဋိပက္ခ ဖြစ်ပွားသည်။
တရုတ်နိုင်ငံက ယခုကဲ့သို့ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေအသစ်များကို ပြဋ္ဌာန်းခြင်းသည် ပင်လယ်ပြင် အတွင်း တရုတ်နိုင်ငံ၏ဥပဒေ ခိုင်မာတည်မြဲရေးဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ သည်းခံနိုင်မှုအတိုင်းအတာမှာ အကန့်အသတ်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။
Ref: TOI