ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ မေလနောက်ပိုင်း ဒုတိယအကြိမ်တွေ့ဆုံ

 

ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ မေလနောက်ပိုင်း ဒုတိယအကြိမ်တွေ့ဆုံ

 

     ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် ယခုနှစ် မေလ နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ကာဇက်စတန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရ သည်။

သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့သည်  ကာဇက်စတန်နိုင်ငံ     မြို့တော် အက်စတာနာ၌   ဇူလိုင်လ ၃ ရက်တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ   ထိပ်သီးဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲ၌ တွေ့ဆုံကြခြင်းဖြစ်သည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံး အခြေအနေသို့   ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က  တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ထို့ပြင် နှစ်နိုင်ငံ ဆက်ဆံရေးသည်  သာတူညီမျှမှု၊ အပြန်အလှန် အကျိုးရှိမှုနှင့် တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အခြားနိုင်ငံက   လေးစားမှုတို့အပေါ် အခြေခံ၍   တိုးတက်လာခြင်းဖြစ်ကြောင်း   တွေ့ဆုံပွဲတွင် သမ္မတပူတင်က ဆက်လက်ပြောကြားသည်။

အလားတူပင် ရုရှားနှင့် တရုတ်နိုင်ငံတို့အနေဖြင့်    မဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်ခြင်းကို တိုးမြှင့်၍ အခြားပြင်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်သင့်ကြောင်း  သမ္မတရှီကျင့်ဖျင်က  တုံ့ပြန်ပြောကြားခဲ့ကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် သမိုင်း၏ အမှန်တရားဘက်တွင်သာ အမြဲရပ်တည်လျက်ရှိပြီး နိုင်ငံရေးအရ ဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး စသည့်အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများ လုပ်ဆောင်ရန်လိုလာကြောင်း သမ္မတရှီကျင့်ဖျင်က ထပ်လောင်း ပြောကြားသည်။

ကာဇက်စတန်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲသို့ တူကီယဲသမ္မတ အယ်ဒိုဂန်အပါအဝင်    အခြားအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘယ်လာရုနိုင်ငံအနေဖြင့် ဒသမမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် မျှော်မှန်းထားကြောင်း  သိရသည်။               

Dates: 
Friday, July 5, 2024 - 13:25