အနာဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမကဆောင်ရွက်ပေး

 

အနာဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမကဆောင်ရွက်ပေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက်)

      ဇူလိုင်လ ၆ ရက်နေ့သည် ၁၀၂ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဖြစ်သည်။ ယခုနှစ် သမဝါယမနေ့၏ ဆောင်ပုဒ်မှာ “အနာဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမကဆောင်ရွက်ပေး”ဟူ၍ဖြစ်သည်။ လူတိုင်း သည် မိမိတို့၏ အနာဂတ်ဘဝကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေကြသူများဖြစ်သည်။ ထိုသို့ကြိုးပမ်းကြရာတွင် အောင်မြင်သူများရှိသကဲ့သို့ အောင်မြင်မှုနှင့် ဝေးကွာနေသူများလည်း ရှိသည်။ အနာဂတ် ပိုမိုကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိရာတွင် သမဝါယမလုပ်ငန်းများဖြင့် ဆောင်ရွက်ခြင်းမှာ မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ သမဝါယမဆိုသည်မှာ ပါဠိစကားမှဆင်းသက်လာခြင်းဖြစ်ပြီး အတူတကွ အားထုတ်လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ်ရရှိသည်။

နိုင်ငံတကာတွင် ချမ်းသာကြွယ်ဝသူနှင့် ဆင်းရဲချို့တဲ့သူ အရေအတွက်နှိုင်းယှဉ်ပါက ဆင်းရဲသူကများပြားလျက်ရှိသည်။ အရင်းအနှီး စိုက်ထုတ်နိုင်မှုနည်းသည့် လက်လုပ်လက်စား အလုပ်သမားများမှာ မိမိတို့ဝင်ငွေတိုးပွား လာစေရေးကြိုးပမ်းကြသည်။ ထိုသို့တိုးပွားလာမှ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့ဆန္ဒတူသူများ စုစည်းပြီး ကျသင့်ငွေထည့်ဝင်ကာ သမဝါယမအသင်းအဖြစ် ဖွဲ့စည်းထူထောင်ကြသည်။

အဆိုပါပုံစံကိုနမူနာယူရင်း နိုင်ငံအသီးသီးရှိ လုပ်ခနည်းသည့် အခြေခံလူတန်းစားများကလည်း လုပ်ဆောင်ခဲ့ကြသည်။ ဤသို့ဖြင့် သမဝါယမအဖွဲ့စီးပွားရေး လုပ်ငန်းများ ကမ္ဘာအနှံ့အပြား ပေါ်ပေါက်လာခဲ့သည်။

စီးပွားရေးလုပ်ငန်းများတွင် အရင်းရှင်စနစ်ဟုခေါ်သည့် ဓနငွေအင်အား ကြီးမားသူများက ရာစုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ခဲ့ကြသည်။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားခဲ့သည်။  အဆိုပါ အရင်းရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန် အကောင်းဆုံးစနစ်မှာ သမဝါယမစနစ်ပင်ဖြစ်သည်။ ငွေကြေးအရင်းအနှီး နည်းပါးပြီး ဆင်းရဲသူများအတွက်  အသင့်တော်ဆုံးနည်းမှာ စုပေါင်းစွမ်းပကားနှင့် ဆောင်ရွက်ခြင်းဖြစ်သည်။  အခြေခံ တူရာလူများပေါင်းစုပြီး စိတ်တူကိုယ်တူဖြင့် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများကို ဆိုင်ရာသမဝါယမ အသင်းသားတစ်ဦးချင်းစီက ကိုယ်စီတာဝန်ယူပြီး ကျရာအခန်းကဏ္ဍက အများအကျိုးအတွက်၊ အဖွဲ့အစည်းအကျိုးအတွက် လူမှုစီးပွားဖွံ့ဖြိုးအောင် အကောင်းဆုံးစွမ်းဆောင်ပေးနေခြင်းမှာ သမဝါယမ စိတ်ဓာတ်သာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်ကြီး၏ အဓိကရည်ရွယ်ချက်မှာ  လူတစ်ဦးတစ်ယောက်တည်း ကောင်းစားရေးထက် လူအများကောင်းစားရေးကို ရှေးရှုသော သမဝါယမလုပ်ငန်းများ ကမ္ဘာပေါ်တွင်ပြန့်ပွားထွန်းကားစေရန်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေနှင့်အညီ  သမဝါယမအသင်းများအား ပြုပြင်ဖွဲ့စည်းခြင်း၊  တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ သမဝါယမဆိုသည်မှာ စုပေါင်းလုပ်ကြရသည့်အတွက် စိတ်တူကိုယ်တူဖြင့် တက်ညီလက်ညီ ဆောင်ရွက်ကြမည်ဆိုပါက မအောင်မြင်နိုင်စရာ အကြောင်းမရှိနိုင်ပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး  အခြားစီးပွားရေး ကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ ထိုမှတစ်ဆင့်တိုးတက်ကောင်းမွန်လာသည့်   စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ  ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကိုဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍသည်လည်း အဓိကနေရာမှ ပါဝင်လျက်ရှိသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက သမဝါယမလယ်ယာဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းလာစေရန်အတွက်   ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေးကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည်။ မျိုးကောင်းမျိုးသန့်ရရှိရေး အတွက် မျိုးစေ့ထုတ်သမဝါယမ အသင်းများထူထောင်ခြင်း၊ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ ပြည်ပမှတင်သွင်းရန် မလိုဘဲ ပြည်တွင်းတွင် သမဝါယမမြေသြဇာထုတ်လုပ်ရေး အလုပ်ရုံ၊ စက်ရုံများတည်ထောင်ပေးခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရန် နှင့်လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ် အသုံးပြုမှုတွင်ကျယ်လာစေရန် လယ်ယာသုံး ထွန်စက်နှင့်စက်ကိရိယာ အမျိုးမျိုး၊ ဆက်စပ်ပစ္စည်းများကို ငှားဝယ်စနစ်ဖြင့် ရောင်းချပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။

သမဝါယမစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းမှသည် သမဝါယမကုန်သွယ်မှု၊ သမဝါယမစျေးကွက် ဖော်ဆောင်နိုင်ရေးအတွက် သမဝါယမအသင်း၊ အသင်းသားများအားလုံး အကြားအလပ်မရှိ အတူတကွပူးပေါင်းမှု စိတ်ဓာတ်နှင့် လုပ်ဆောင်ပါက ကျေးလက်နေပြည်သူ တစ်ဦးချင်းဝင်ငွေတိုးပွားလာပြီး   လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေး သမဝါယမက ဆောင်ရွက်ပေး ဆိုသည့်အတိုင်း  ပြည်သူတို့၏လူမှု စီးပွားဘဝမြင့်မားရေးကို  အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Saturday, July 6, 2024 - 15:40