ပယ်နယ်တီ အဆုံးအဖြတ်များတွင် တစ်ကြိမ်မှရှုံးနိမ့်ခြင်း မရှိသေးသည့် ဂိုးသမားအဖြစ် အာဂျင်တီးနား အသင်းဂိုးသမား မာတီနက်ဇ် မှတ်တမ်းဝင်

 

ပယ်နယ်တီ အဆုံးအဖြတ်များတွင် တစ်ကြိမ်မှရှုံးနိမ့်ခြင်း မရှိသေးသည့် ဂိုးသမားအဖြစ် အာဂျင်တီးနား အသင်းဂိုးသမား မာတီနက်ဇ် မှတ်တမ်းဝင်

 

အာဂျင်တီးနား အသင်းဂိုးသမား မာတီနက်ဇ်သည် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ကစားသည့် အာဂျင်တီးနားအသင်းနှင့် အီကွေဒေါအသင်းတို့ပွဲစဉ်တွင်  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက်   ပယ်နယ်တီအဆုံးအဖြတ် ပွဲစဉ်များတွင် တစ်ကြိမ်မှရှုံးနိမ့်ခြင်း မရှိသည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားအသင်းနှင့် အီကွေဒေါအသင်းတို့ ပွဲစဉ်၌ ပွဲချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ် ၃၀ တို့ တွင် တစ်ဂိုးစီသရေရလဒ်ကြောင့် ပယ်နယ်တီအဆုံး အဖြတ်ကန်သွင်းရာ      ဂိုးသမား မာတီနက်ဇ်က အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး အီကွေဒေါအသင်းမှ အိန်ဂျယ်မီနာနှင့် အလန်မန်ဒါတို့၏ ကန်သွင်းမှု နှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့သည့်အတွက် အာဂျင်တီးနား အသင်းတွင် မက်ဆီ ပယ်နယ်တီလွဲချော်ခဲ့သော်လည်း ၄ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ပယ်နယ်တီ အဆုံးအဖြတ်ပွဲစဉ်များတွင် အကောင်းဆုံး လက်စွမ်းပြလေ့ရှိသည့်  ဂိုးသမား  မာတီနက်ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ၎င်း၏ ပယ်နယ်တီအဆုံးအဖြတ် ကာကွယ်ပေးမှုများကြောင့် အာဂျင်တီးနားအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

ဂိုးသမားမာတီနက်ဇ်သည် ၎င်း၏ ကစားသမား ဘဝသက်တမ်းတစ်လျှောက် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားသည့် အီကွေဒေါအသင်းနှင့်ပွဲစဉ်၊ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုလံဘီယာအသင်းနှင့်ပွဲစဉ်၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားသည့် နယ်သာလန်အသင်းနှင့်ပွဲစဉ်၊ ဗိုလ်လုပွဲအဖြစ် ပြင်သစ်အသင်းနှင့် ကစားသည့်  ပွဲစဉ်တို့တွင်  ပယ်နယ်တီအဆုံးအဖြတ်များ၌ အသင်းကိုအနိုင်ရရှိအောင်  စွမ်းဆောင်ပေးခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင်   ရှုံးနိမ့်ဖူးခြင်း မရှိသည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Opta