သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ရှုံးမည်ကို NATO တာဝန်ရှိသူများ စိုးရိမ်နေ

 

သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ရှုံးမည်ကို NATO တာဝန်ရှိသူများ စိုးရိမ်နေ

 

    ယခုနှစ်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိ သမ္မတဂျိုးဘိုင်ဒင် ရှုံးနိမ့်သွားမည်ကို NATO တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်၏ ပြိုင်ဘက်ဖြစ်သည့် ဒေါ်နယ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရပြီး နိုင်ငံရေးစင်မြင့်ပေါ်  ပြန်လည်ရောက်ရှိလာပါက အမေရိကန်နှင့်  NATO တပ်ဖွဲ့ဝင်နိုင်ငံများကြား မဟာမိတ်ဆက်ဆံရေးကို ပျက်စီးစေမည်ဟု အဆိုပါတာဝန်ရှိသူများက ယုံကြည်နေကြောင်း Politico သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်သာ ပြန်လည်ရွေးကောက်ခံရပါက လက်ရှိယူကရိန်းဘက်မှ ပါဝင်ဆောင်ရွက်နေသည့် NATO တပ်ဖွဲ့၏ စစ်ရေးလုပ်ဆောင်ချက်များ ပျက်စီးသွားနိုင်သည်ဟုလည်း ထိုတပ်ဖွဲ့မှ တာဝန်ရှိသူများက ယုံကြည်နေသည်ဟု ယင်းတပ်ဖွဲ့နှင့်နီးစပ်သူများ၏ ပြောဆိုမှုကိုကိုးကား၍ Politico သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ထရမ့်နဲ့နောက်တစ်ကြိမ် ဆက်ဆံရမှာကို ရှောင်ရှားနိုင်ရေး အတွက် ဘိုင်ဒင်ကို ဒုတိယသက်တမ်းမှာလည်း အနိုင်ရစေချင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီကိစ္စဟာပူပန်နေရတဲ့ အခြေအနေဖြစ်နေပါတယ်” ဟု  တာဝန်ရှိသူတစ်ဦးကပြောကြောင်း   သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အလားတူ NATO တပ်ဖွဲ့တာဝန်ရှိသူများသည် ဂျိုးဘိုင်ဒင်၏ အသက်အရွယ်နှင့် ကျန်းမာရေးအပေါ်တွင်လည်း စိုးရိမ်မှုများရှိနေသည်ဟု ယင်းတပ်ဖွဲ့နှင့် နီးစပ်သူများ ကပြောသည်။

“တကယ်လို့ ဂျိုးဘိုင်ဒင်အနေနဲ့  ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်တောင်မှ သူ့အနေနဲ့ နောက်ထပ်လေးနှစ်တာ ကာလကို တောင့်ခံနိုင်ပါ့မလား ဆိုတာမသေချာပါဘူး”ဟု NATO တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဒေါ်နယ်ထရမ့်နှင့်   လုပ်ဆောင်သော ပထမအကြိမ် စကားစစ်ထိုးပွဲတွင် ဂျိုးဘိုင်ဒင် သည်   လက်ရှိသမ္မတတစ်ဦးအနေဖြင့် မည်သို့မျှမဖြစ်သင့်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သောကြောင့် ဒီမိုကရက်တစ် ပါတီမှ နိုင်ငံရေးသမားများ၊ အလှူရှင်များနှင့် အခြားသော ထောက်ပံ့ပေးနေသူများက ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အဖြစ်မှ ဖယ်ရှားရန် တောင်းဆိုလာကြောင်း သိရသည်။