ဂျပန်နိုင်ငံက ထူးကဲ အပူလှိုင်းဖြတ်မှုနှင့် ရင်ဆိုင်နေရ
ဂျပန်နိုင်ငံရှိ တိုကိုင်းဒေသမှ ကန်တိုဒေသ အထိပါဝင်သော ဒေသတစ်လွှားတွင် ထူးကဲအပူလှိုင်းဖြတ်မှုနှင့် ရင်ဆိုင်နေရပြီး အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် နီးပါးရှိလာကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်မိုးလေဝသဌာနက စီရင်စု ၂၆ ခုအတွက် အပူလျှပ်မှုသတိပေးချက် များထုတ်ပြန်ထားကာ ပြည်သူများအနေ ဖြင့်လည်း အပူဒဏ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ဂျပန်နိုင်ငံတစ်ဝန်း၌ အပူချိန်သည် လျော့နည်းကျဆင်းမည့် လက္ခဏာမရှိသေးဘဲ နေ့အပူချိန်များမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကျော်သည်အထိ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ဇူလိုင်လ ၇ ရက်တွင် တိုကျိုမြို့ရှိ နေ့အပူချိန်မှာ ၃၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိပြီး ကျန်ဒေသများတွင်လည်း နေ့အပူချိန်များ ဆက်လက်မြင့်တက်သည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် မယ်ဘာရှီနှင့် ချီချီ ဘူမြို့တို့တွင် နေ့အပူချိန်သည် ၃၉ ဒီဂရီ စင်တီဂရိတ်အထိရောက်ရှိပြီး ကန်တိုဒေသရှိ အချို့သော နယ်မြေများတွင် ၄၀ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိသည်။
ထို့ပြင် အပူလှိုင်းဖြတ်မှုနှင့်ရင်ဆိုင်ရ သောကြောင့် ဒေသအများအပြားတွင် အပူ လျှပ်မှုဖြစ်စဉ်များဖြစ်ပွားကာ သက်ကြီးရွယ်အို နှစ်ဦးသေဆုံးသည်။
အလားတူ တိုကျိုမြို့တွင် အပူချိန်မြင့်တက်ခြင်းနှင့် ဆက်စပ်သော အရေးပေါ်အခြေ အနေဖြစ်ပွားသူ ၁၁၉ ဦးရှိကြောင်းနှင့် ထိုအထဲတွင် စိုးရိမ်ရသူသက်ကြီးရွယ်အို သုံးဦးပါရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် ဒေသခံများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် လေအေးပေးစက်များကို သင့်လျော်သလို အသုံးပြုရန်၊ ရေမဆာသည့်တိုင် ရေဓာတ်လုံလောက်မှုရှိအောင် နေထိုင်ရန်၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ကြဉ်ရန် တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။
