တရုတ်နှင့် ဘယ်လာရုစ် တပ်မတော်တို့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မည်
တရုတ်နှင့်ဘယ်လာရုစ် တပ်မတော်တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Eagle Assault-2024 ဟုအမည်ပေးထားသည့် အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ဘယ်လာရုစ်နိုင်ငံ ဘရတ်မြို့အနီး၌ ဇူလိုင်လ ၈ ရက်မှ ၁၉ ရက်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါစစ်ရေး လေ့ကျင့်မှုကို ဘယ်လာရုစ် နိုင်ငံက ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO)တွင် တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မကြာမီ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ယင်းစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ယင်းစစ်ရေးလေ့ကျင့်ခန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဓိကထားဆောင် ရွက်သွားမည်ဖြစ်သော်လည်း စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်သူများသည် အမျိုးမျိုးသော ပေါင်းစပ်လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းအပြင် စစ်ဆင်ရေးလုပ်ငန်း အချို့ကိုလည်း လေ့ကျင့်သွားမည်ဖြစ်သည်။ လေ့ကျင့်သွားမည့် စစ်ဆင်ရေးလုပ်ငန်းများတွင် ဓားစာခံကယ်ဆယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့ကဲ့သို့ လေ့ကျင့်ခန်းများ ပါဝင်သည်။
ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံတပ်မတော် များကြားတွင် အပြန်အလှန်ကူညီထောက်ပံ့ နိုင်မှုမြင့်မားရေး၊ အပြန်အလှန်ဆက်ဆံမှုနက်ရှိုင်းစေရေးတို့ အတွက် ရည်ရွယ်ခြင်းဖြစ် ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်ရေးလေ့ကျင့်ခန်း၌ ပါဝင်မည့် တရုတ်တပ်မတော်မှ ကိုယ်စားလှယ်များ က စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ဇူလိုင်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
