ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ဒိုက်ဦးမြို့မရဲစခန်း အချုပ်ခန်းတို့အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၁၂
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည်ကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ဒိုက်ဦးမြို့မ ရဲစခန်းအချုပ်ခန်းနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဒိုက်ဦးမြို့မရဲစခန်းအချုပ်ခန်းကို ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းအတွင်း သန့်ရှင်းမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများနှင့် အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သန့်ရှင်းသော သောက်ရေရရှိမှု အခြေအနေ၊ သုံးရေကန်များနှင့် အတွင်း၊ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံမှ သတင်းရရှိသည်။