၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်  ဇွန်  ၁၂

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ    ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊  ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်  ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်  အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲစသည့် နိုင်ငံတကာအားကစား ပြိုင်ပွဲကြီးများတွင် ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့အားကစားနည်းများကဲ့သို့  မဖြစ်မနေထည့်သွင်း ကျင်းပသည့်  အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊  ရွှေတံဆိပ်အများဆုံး ချီးမြှင့်သည့် အားကစားနည်းများ ထဲတွင် ရေကူးအားကစားနည်း ပါဝင်ကြောင်း၊   ထို့ပြင် အားကစားသမားတစ်ဦးတည်းက ဆုတံဆိပ်များစွာ ရယူပေးနိုင်သည့် အားကစားနည်းတစ်ခုအဖြစ်လည်း တွေ့ရှိရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့်    တိုင်းဒေသကြီးအားကစား ပြိုင်ပွဲများ ကျင်းပရာတွင် ရေကူးအားကစား နည်းကို မပျက်မကွက်ထည့်သွင်း ကျင်းပပေးခဲ့ကြောင်း၊ ရေကူးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရန်အတွက် အရည်အချင်းရှိပြီး နုပျိုထက်မြက်သည့်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ရှိနေရန်လည်း  လိုအပ်ကြောင်း၊ ထို့ပြင် ယခုပြိုင်ပွဲတွင်   ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ   ပြိုင်ပွဲဝင်အားကစားသမားများကို ကြီးကြပ်ကွပ်ကဲလိုက်ပါလာကြသည့် အုပ်ချုပ်မှုအဖွဲ့များ အနေဖြင့်လည်း မိမိတို့အသင်း   အဆင့်မြင့်မြင့်ယှဉ်ပြိုင်အောင်ပွဲခံနိုင်ရေးအတွက် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင် အဆင့်ဆင့်သောပြိုင်ပွဲများကျင်းပပြီး   စနစ်တကျ လူရွေးချယ်ကာ အချိန်အတိုင်းအတာ တစ်ခုအထိ   စခန်းသွင်း လေ့ကျင့်လာရောက်ယှဉ်ပြိုင်ခြင်းမျိုးဖြစ်အောင်  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

 အားကစားမောင်/မယ်များအနေဖြင့်လည်း မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်   တိုင်းဒေသကြီးအသင်း အောင်နိုင်ရေးအတွက်  မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ် ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင် သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို  အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားပြီး   ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်  တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ   လူငယ်များ ရေကူးအားကစားနည်းကို   ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ရေကူးမျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍  ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်း ၁၁ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, July 8, 2024 - 10:04