အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသံအမတ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့အခြေစိုက်အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသံအမတ်ကြီး Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြောင်း သတင်းရရှိသည်။