ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ယာဉ်ယန္တရားများ ပြင်ဆင်စုဖွဲ့ထားရှိမှု အား ကြည့်ရှုစစ်ဆေး
လွိုင်ကော် ဇွန် ၁၆
ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကယား ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်အတွက် လူအင်အားစုဖွဲ့မှု၊ ယာဉ်စက် ယန္တရားစုဖွဲ့မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြား လိုကြောင်း၊ မြို့ပြသန့်ရှင်းသပ်ရပ် သာယာလှပရေး ညွှန်ကြားချက်(၁၆)ချက်နှင့်အညီ မြို့များ မြို့အင်္ဂါရပ် ပြည့်စုံစေရေး၊ သောက်သုံးရေရရှိရေး၊ အမှိုက်များ စည်းကမ်းစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်အကောက်များ ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက်ရန်လိုအပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်ဝရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးလေလွင့်မှုမရှိစေရေး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားစိစစ်သုံးစွဲရန် မှာကြားလိုကြောင်း၊ ပြည်သူများ စိတ်အေး ချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် စျေးအသစ် တည်ဆောက်နေစဉ်ကာလအတွင်း ယာယီစျေးအား စည်းကမ်းတကျဖြင့် အမြန်ဆုံး ဖွင့်လှစ်ရောင်းချနိုင်ရေး မှာကြားခဲ့သည်။
ထို့နောက် ခေတ္တပြည်နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူ/ယာဉ်ယန္တရားစုဖွဲ့ထားရှိမှုနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင် ရေးအတွက် လူနှင့်ယာဉ်စက်ယန္တရားစုဖွဲ့ထားရှိမှု၊ ယာဉ်များကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှု အခြေအနေ များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)