ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်းအနီး၌ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးသီးများတွေ့ရှိ

ရောမ နိုဝင်ဘာ ၂၉

ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်းအနီး၌ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးသီးများ တွေ့ရှိရသောကြောင့်  နိုဝင်ဘာ ၂၈  ရက်က အီတလီတပ်မတော်မှ ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်အဖွဲ့ကိုခေါ်ယူ ဖယ်ရှားခိုင်းခဲ့ရ ကြောင်း  သိရသည်။ ထရိုင်ဂိုရီယာအရပ်မှ ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်းအနီး၌ ကွင်းသစ်တစ်ကွင်း ထပ်မံတိုးချဲ့ရန် မြေတူးဆွစဉ် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးသီးအလုံး ၂၀ ခန့်တွေ့ရှိခဲ့သဖြင့် အထိတ် တလန့်ဖြစ်ခဲ့ရပြီး အီတလီတပ်မတော်မှ ကျွမ်းကျင်အဖွဲ့ကို ခေါ်ယူဖယ်ရှားခဲ့ရာ မည်သည့်ပေါက်ကွဲမှုမျှ မဖြစ်ပွားဘဲ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ကြောင်း ရိုးမားအသင်းက ကြေညာခဲ့သည်။

“အီတလီတပ်မတော်နဲ့ သူတို့ရဲ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။  အသင်းလေ့ကျင့်ရေး ကွင်းမှာ နောက်ထပ်ကွင်းသစ်တစ်ခုတိုးချဲ့ဖို့ စီစဉ်ရာကနေ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးသီးတွေ တွေ့ရတာ ဖြစ်ပါတယ်” ဟု ရိုးမားအသင်းက အသင်းတွစ်တာ၌ ရေးတင်ခဲ့သည်။

ရိုးမားအသင်းသည် နိုဝင်ဘာ ၂၉ ရက်ညတွင် နာပိုလီအသင်းနှင့် စီးရီးအေပွဲသွားမကစားမီ နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ပြီး စီးရီးအေတွင်လည်း အဆင့်(၃) နေရာ၌ ရပ်တည်လျက်ရှိသည်။          

Ref:Gazzettadelo sport