ဘိုင်ဒင်နှင့်ထရမ့်တို့နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသားအရေအတွက်မြင့်တက်လာ
၀ါရှင်တန်၊ နိုင်ငံရေး
အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲထပ်မံဝင်ပြိုင်မည့် လက်ရှိသမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသား အရေအတွက်က စံချိန်တင်မြင့် တက်လာကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသား အရေအတွက်မှာ လေးပုံတစ်ပုံရှိကြောင်းနှင့် ထိုပမာဏသည် နှစ်ပေါင်း ၃၀ အတွင်း အများဆုံးပမာဏဖြစ်ကြောင်း Pew သုတေသနဌာနက ထုတ်ပြန်ထားသည်။
စစ်တမ်းတွင် ပါဝင်သူများအနက် ဘိုင်ဒင်နှင့်ထရမ့်ကိုမကြိုက်သူ ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ ထရမ့်ကို သဘောကျလက်ခံသူ ၃၆ ရာခိုင်နှုန်းနှင့် ဘိုင်ဒင်ကိုလက်ခံသူ ၃၄ ရာခိုင်နှုန်းရှိကြောင်း သုတေသနတွင် ဆက်လက်ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်ပင် ဘိုင်ဒင်နှင့်ထရမ့်တို့ နှစ်ဦးစလုံးကို မကြိုက်သူ အရေ အတွက်မှာ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း Pew က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အဓိကပါတီကြီးများမှ ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးကို သဘောမကျသူအရေအတွက် မြင့်တက် လာခြင်းသည် ပါတီစွဲဖြစ်မှုအပေါ် အဆိုးမြင်မှု မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်ကို တွေ့ရသည်။
ယခုစစ်တမ်းကို ထရမ့်၏ အမှုနှင့် ဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်တို့၏ အမှုတို့ကို စီရင်ချက်မချမီ မေလ ၁၃ ရက်မှ ၁၉ ရက်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မေလ ၃၀ ရက်တွင် နယူးယောက် တရားရုံးက ဒေါ်နယ်ထရမ့်ကို ၎င်း၏ပြစ်မှုများအတွက် အပြစ်ရှိကြောင်း၊ ဇွန်လ ၁၁ ရက်တွင် ဒယ်လာဝဲ တရားရုံးက ဟန်တာဘိုင်ဒင်ကို လက်နက်ဥပဒေ ချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ သည်ဟု သိရသည်။
Ref: RT