ငါ့လင်းပုတ်ကြိုးပြင်ကာကွယ်တော အပိုင်း(၂)သတ်မှတ်

ငါ့လင်းပုတ်ကြိုးပြင်ကာကွယ်တော အပိုင်း(၂)သတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်   သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက်  မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်  ညောင်ဦးမြို့နယ် အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၀၈ ဒသမ ၀၇ ဧကရှိသောနယ်မြေကို   “ငါ့လင်းပုတ် ကြိုးပြင်ကာကွယ်တောအပိုင်း(၂)” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၂၄)အရ ၁၃၈၆ ခုနှစ် နယုန်လဆန်း ၁ ရက်(၂၀၂၄ခုနှစ်၊ ဇွန်လ ၇ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော ပုဂံ ညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု  လျော့နည်း သက်သာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါ သည်။

ငါ့လင်းပုတ်ကြိုးပြင် ကာကွယ်တောအပိုင်း(၂) သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက် လျက်ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ဖျောက်ဆိပ်၊ ရင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ်စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ယုန် စသည့် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုခြင်း၊ မြေဆီလွှာတိုးတက် ကောင်းမွန်လာခြင်း၊ မြေအောက် ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတု ပိုမိုကောင်းမွန် လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။