သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သက်သေခံ ပစ္စည်းစီမံထိန်းသိမ်းမှု ကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပ
နေပြည်တော် ဇွန် ၁၂
သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သက်သေခ ံပစ္စည်းစီမံထိန်းသိမ်းမှု ကော်မတီများ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)က မြန်မာနိုင်ငံအား တိုးတက်ဆောင်ရွက်မှုကို စောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများ စာရင်းတွင် ထည့်သွင်းခဲ့ပြီး အကြံပြုချက် (၈)ချက်နှင့် ဆောင်ရွက်မည့် အစီအမံ (၁၅)ချက်ထုတ်ပြန်ခဲ့ရာ လက်ငင်းရလဒ်(Immediate Outcome 8.2)၌ နိုင်ငံ့ဘဏ္ဍာသိမ်းပြီးချိန်ထိ သိမ်းဆည်းထားသောပစ္စည်းများ၏ တန်ဖိုးကို ထိန်းသိမ်းနိုင်ရေးအတွက် သက်သေခံပစ္စည်းများစီမံခန့်ခွဲမှု စနစ်တစ်ရပ် ထူထောင်ထားရှိရန်နှင့် လိုအပ်သော အရင်းအမြစ်များ ချထားပေးရန် ပါရှိကြောင်း၊ လက်ငင်းရလဒ် ၈.၂ နှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှု ဗဟိုကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့်ကော်မတီများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် စတင်ဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ကော်မတီအဆင့်ဆင့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်ကြော်ငြာစာအမှတ် ၂၄၁/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှု ကော်မတီများအနေဖြင့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို တရားစွဲမတင်မီ၊ တရားစွဲတင်ပြီး တရားရုံးစစ်ဆေးဆဲ ကာလနှင့်တရားရုံးက နိုင်ငံ့ဘဏ္ဍာသိမ်းပြီး စီမံခန့်ခွဲမှုမပြုမီ ထိန်းသိမ်းထားသည့် ကာလများအတွင်း ပျက်စီး၊ ပျောက်ဆုံးခြင်း၊ တန်ဖိုးလျော့ကျခြင်းမရှိစေရေးအတွက် သက်သေခံပစ္စည်းထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက် ၄/၂၀၂၀ နှင့်အညီ စနစ်တကျ စီမံထိန်းသိမ်းရန် လိုအပ်ကြောင်း၊ တရားရုံးက နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းရန် အမိန့်ချမှတ်ပြီးပါကလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁၇^၂၀၁၇ နှင့်အညီ စီမံခန့်ခွဲနိုင်ရေး ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ကော်မတီအဆင့်ဆင့်အနေဖြင့် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းမှု အခြေအနေများကို ဗဟိုကော်မတီသို့လည်း ပေးပို့တင်ပြရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာသော ဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီ ဥက္ကဋ္ဌများက သက်သေခံပစ္စည်း စီမံထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ယင်းနောက် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြစ်မှု တစ်ရပ်ရပ်ဖြင့် သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို တရားရုံးက နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းပါက နိုင်ငံတော်၌ ထိခိုက်နစ်နာမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့်သူအား ပြန်ပေးသည့်အခါတွင်လည်း နစ်နာမှု မရှိစေရန်အတွက် ထိန်းသိမ်းထားသည့် ကာလအတွင်း တန်ဖိုးလျော့ကျ ပျက်စီးမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။