မိုက်ခရိုပလတ်စတစ်စားသုံးမှုမှာ ရှေ့ဆုံးကပြေးနေရရှာတဲ့ အရှေ့တောင်အာရှ

 

မိုက်ခရိုပလတ်စတစ်စားသုံးမှုမှာ ရှေ့ဆုံးကပြေးနေရရှာတဲ့ အရှေ့တောင်အာရှ

 

အရှေ့တောင်အာရှနိုင်ငံများဆိုတာ အခုမှဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရှိန်ယူနေရတဲ့ နိုင်ငံများဖြစ်ပါတယ်။ လက်ရှိမှာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အဆင့်မဝင်နိုင်သေးပေမယ့် မိုက်ခရိုပလတ်စတစ် စားသုံးမှုမှာတော့ ရှေ့ဆုံးကနေပြေးနေရပါတယ်။

အထူးသဖြင့် ဒေသတွင်းမှာ တော်တော်လေးကို ဖွံ့ဖြိုးတိုးတက်တယ်လို့ ဆိုနိုင်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က မိုက်ခရိုပလတ်စတစ်တွေကို အများဆုံး စားသုံးနေရတာပါ။ နိုင်ငံပေါင်း ၁၀၉ နိုင်ငံထဲမှာပေါ့။

မိုက်ခရိုပလတ်စတစ်ဆိုတဲ့အဓိပ္ပာယ်က အရွယ်အစားအားဖြင့် ၅ မီလီမီတာအောက်ရှိတဲ့ အမျှင်တွေ၊ အပိုင်းအစတွေ၊ အစေ့တွေဖြစ်ပြီး လူလုပ်အဝတ်အထည်တွေကနေ ခွဲထွက်မှု၊ ပလတ်စတစ်ပစ္စည်း တွေပြိုကွဲမှုကနေ ထွက်ပေါ်လာတဲ့အရာတွေ ဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်မှုအတွက် အသုံးပြုရတဲ့ ပလတ်စတစ်အစေ့လိုမျိုး ကုန်ကြမ်းပစ္စည်းတွေကို   မှန်ကန်စွာ မကိုင်တွယ်မှု၊ မတော်တဆဖြစ်ပြီး လွင့်စဉ်မှုတွေကြောင့် သူတို့ဟာ  လူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ထဲကို ဝင်လာရတာပါ။

မိုက်ခရိုပလတ်စတစ်တွေကို အများဆုံးစားသုံးနေရတဲ့နိုင်ငံက  အင်ဒိုနီးရှားနိုင်ငံပါ။  အင်ဒိုနီးရှား နိုင်ငံသားတွေအနေနဲ့ တစ်လကို မိုက်ခရိုပလတ်စတစ် ၁၅ ဂရမ်လောက်ကို စားသုံးနေရတာဖြစ်တယ်လို့ ကော်နဲတက္ကသိုလ်မှ   သုတေသီများက ထုတ်ပြန်ထားပါတယ်။

မိုက်ခရိုပလတ်စတစ် ၁၅ ဂရမ်ဆိုတာ ခရက်ဒစ်ကတ် ၃ ကတ်စာအလေးချိန်နဲ့ အတူတူပါပဲ။   သူတို့စားသုံးနေရတဲ့ မိုက်ခရိုပလတ်စတစ်တွေက ဘယ်ကလာလဲဆိုရင် ငါးနဲ့ပင်လယ်စာတွေလိုမျိုး ရေထွက်ကုန်ပစ္စည်းတွေကနေ ဖြစ်တယ်လို့ သုတေသီများက ဆိုပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရဆိုရင်   အင်ဒိုနီးရှားနိုင်ငံသားတွေ အနေနဲ့ မိုက်ခရိုပလတ်စတစ် စားသုံးရမှုပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၅၉ ဆလောက်မြင့်တက်လာတာပါ။

ဘာကြောင့် အခုလောက်အထိဖြစ်လာရတာလဲဆိုရင်   အဲဒီနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သလောက်   အမှိုက်စွန့်ပစ်မှု   နည်းလမ်းတွေက လုံလောက်မှုမရှိတဲ့အတွက် စွန့်ပစ်ပလတ်စတစ်တွေက အစီအစဉ်တကျ မရှိဘဲ   ပြန့်ကျဲလာရပါတယ်။

ဒီရဲ့အကျိုးဆက်ကတော့ နှစ်စဉ်စနစ်တကျစွန့်ပစ်မှုမရှိတဲ့ အမှိုက်တန်ချိန် ၃၀၀၀၀ ကျော်အထိရှိလာစေတာ ဖြစ်တယ်လို့ သုတေသနပညာရှင်များက သူတို့ရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

ပြီးတဲ့အခါ အမှိုက်ပုံတွေ၊ ဖို့မြေတွေမှာရှိတဲ့  ပလတ်စတစ်တွေက မိုးရေနဲ့အတူ နီးစပ်ရာရေမြောင်း၊ မြစ်ချောင်းတွေထဲကို စီးမျောသွားပြီး နောက်ဆုံးမှာ    ရေနေသတ္တဝါများ ကျင်လည်ရာပတ်ဝန်းကျင်ထဲကို ရောက်သွားပါတယ်။

ဒီလိုမျိုးအဏ္ဏဝါဝန်းကျင်ထဲကို ရောက်သွားတဲ့ မိုက်ခရိုပလတ်စတစ်တွေကို ငါးတွေ၊ ရေနေသတ္တဝါတွေရဲ့အစာဖြစ်တဲ့ ရေမှော်ပင် တွေ၊ သတ္တဝါမျိုးတွေက ဝါးမြိုပါတယ်။

နောက်ဆုံးမှာတော့   လူသားတွေက ရေထွက်ကုန်ပစ္စည်းတွေကိုပြန်စားတဲ့အခါ ပလတ်စတစ်တွေကို  သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်စားနေရတဲ့အခြေအနေ  ရောက်သွားစေတာပါ။

မိုက်ခရိုပလတ်စတစ်တွေအနေနဲ့ လူ့ခန္ဓာကိုယ်ထဲကို   ဝင်ရောက်လာစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုက သူတို့ကိုလေထဲကနေ   တစ်ဆင့်ရှူသွင်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေလေ့လာမှုပြုခဲ့တဲ့ နိုင်ငံပေါင်း ၁၀၉ နိုင်ငံအနက် တချို့ နိုင်ငံများမှနိုင်ငံသားတွေဟာ တစ်လကို မိုက်ခရိုပလတ်စတစ်အမှုန် ၂ ဒသမ ၈ သန်းအထိ ရှူသွင်းနေကြတယ်လို့  သိရပါတယ်။

ဒီလိုရှူသွင်းနိုင်တဲ့ ပလတ်စတစ်အမှုန်တွေက ဘယ်ကနေထွက်လာတာလဲဆိုရင် တာယာတွေမှာပါတဲ့ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းတွေ  ပွတ်တိုက်မှုမှ ထွက်ပေါ်လာတာပါ။

ဒါ့အပြင် လူလုပ်အထည်အလိပ်တွေကို ထုတ်လုပ်စဉ်ကာလအတွင်းမှာ သော်လည်းကောင်း၊   သူတို့ကို လျှော်ဖွပ်တဲ့ အခါမှာသော်လည်းကောင်း၊ ဝတ်ဆင်တဲ့အခါမှာသော်လည်းကောင်း အဲဒီကနေ မိုက်ခရိုပလတ်စတစ်တွေ ထွက်လာနိုင်သေးပါတယ်။

အခုဆိုရင် မိုက်ခရိုပလတ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်အတွက်    အထူးအရေးထားရမယ့် ကိစ္စဖြစ်လာပါပြီ။ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးသောနေရာမှသည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်အထိကို မိုက်ခရိုပလတ်စတစ်များက   နေရာယူလာနေတာပါ။

ဒီတော့ မိုက်ခရိုပလတ်စတစ်တွေကို စားသုံးမိနေခြင်းဟာ   အူနံရံများအပေါ် အဆိပ်သင့် အကျိုးဆက် ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်က ရောင်ရမ်းမှုအပေါ်တုံ့ပြန်မှုတွေကို လျော့ကျစေတာကြောင့်  အူများရောင်ရမ်းကာ ပြည်တည်နာများကို ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် မိုက်ခရိုပလတ်စတစ်တွေကို စားသုံးခြင်းက အူလမ်းကြောင်းအတွင်းမှာ နေထိုင်တဲ့  အဏုဇီဝရုပ်များရဲ့ ဖွဲ့စည်းမှုနဲ့ မတူကွဲပြားမှုများအပေါ် သက်ရောက်မှုရှိစေပြန်ပါတယ်။

ဒီလိုသက်ရောက်မှုကြောင့် အစာခြေစနစ်နဲ့  ကိုယ်ခံအားစနစ်အလုပ်လုပ်မှု ကိုလည်း ဟန့်တား အနှောင့်အယှက်ဖြစ်စေပါတယ်။

လက်ရှိမှာတော့  မိုက်ခရိုပလတ်စတစ်တွေက  ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို မတွေ့ရသေးပါဘူး။

သို့သော်လည်း   သေချာတဲ့တစ်ချက်ကတော့ မိုက်ခရိုပလတ်စတစ်များဟာ လူ့ပတ်ဝန်းကျင်အတွက်သာမက ဂေဟစနစ်အတွက်လည်း     မလိုလားအပ်တဲ့ ပြဿနာများကို ဖြစ်ပေါ်စေခြင်းပဲ ဖြစ်ပါတယ်။

ဒါဆိုရင် မိုက်ခရိုပလတ်စတစ်တွေ ပတ်ဝန်းကျင်ထဲမဝင်လာအောင် ဘယ်လိုမျိုးတားမလဲဆိုတော့  မှန်ကန်တဲ့အမှိုက် စွန့်ပစ်စနစ်များကို အသုံးပြုခြင်း၊  တင်းကြပ်တဲ့ အမှိုက်စွန့်ပစ်မှု စည်းကမ်းများကို ကျင့်သုံးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ ပြည်သူများအနေနဲ့ တစ်ခါသုံးပလတ်စတစ်များကို အသုံးပြုမှုမှ ရှောင်ကြဉ်ရန်   တိုက်တွန်းအားပေးခြင်း တို့အားဖြင့် တားမြစ်နိုင်ပါတယ်။

စင်ကာပူနိုင်ငံမှာဆိုရင်တော့ ရေသစ်ထုတ်လုပ်ရေး စက်ရုံတွေနဲ့ ပင်လယ်ရေကို ရေချိုအဖြစ် ပြန်လည်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ မိုက်ခရိုပလတ်စတစ်တွေကို ဖယ်ရှားတယ်လို့ သိရပါတယ်။

အသုံးပြုပြီးရေများ၊ ပင်လယ်ရေများကို အဆင့်ဆင့်သန့်စင်စေခြင်းအားဖြင့် အဲဒီရေတွေထဲမှာ မိုက်ခရို ပလတ်စတစ်တွေ ပါဝင်မှုမရှိစေတော့သလို   ပင်လယ်ထဲကို ပြန်လည်စွန့်ထုတ်လိုက်တဲ့ ရေထဲမှာလည်း မိုက်ခရိုပလတ်စတစ်ပါဝင်မှု   အလွန်နည်းပါး သွားစေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိုက်ခရိုပလတ်စတစ်တွေ ထွက်ရှိမှု နည်းပါးအောင်၊ သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းအောင်  အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြဖို့   ဒီနေရာလေးကနေ တိုက်တွန်းလိုက်ရပါတယ်။

Ref: The Nation