စစ်ရေးနည်းပြများကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်း မရှိဟု နယ်သာလန်ပြော
နယ်သာလန်နိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်ရေးနည်းပြများကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရုက ပြောကြားသည်။
မိမိတို့အနေဖြင့် ထိုးထွင်းစဉ်းစားနိုင်ပြီး ဖန်တီးမှုရှိစွာ တွေးခေါ်ရမည်ဖြစ်ကြောင်း၊ ပြင်သစ်အစိုးရက ၎င်းတို့၏ စစ်ရေးနည်းပြများကို ယူကရိန်းသို့ ပို့ဆောင်မည်ဟု ကြေညာခဲ့သော်လည်း နယ်သာလန်က ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း မာ့ခ်ရုက ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသည့် ယူကရိန်းပြန်လည်နာလန်ထူရေးဆိုင်ရာ ကွန်ဖရင့်ဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
ပြင်သစ်အစိုးရက ယူကရိန်းနိုင်ငံသို့ စစ်ရေးနည်းပြများ စေလွှတ်မည့် နိုင်ငံများပါဝင်သော ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ကို မကြာမီ အပြီးသတ် လုပ်ဆောင်မည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်း၌ ပြောကြား ပြီးနောက် နယ်သာလန်အစိုးရ၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းနိုင်ငံ၏ လေကြောင်းကာကွယ်ရေးအတွက် အကူအညီအဖြစ် ဒေါ်လာ ၂၅၇ သန်းပေးအပ်မည်ဟု နော်ဝေကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသို့ စေလွှတ်လိုက်သည့် ပြည်ပနိုင်ငံများမှ စစ်ရေးနည်းပြများသည် ရုရှားလက်နက်ကိုင် တပ်ဖွဲ့အတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဟု ရုရှားအစိုးရက မကြာသေးမီက သတိပေး ပြောကြားထားသည်။
Ref:Sputnik