ရန်ကုန်တိုင်းဒေသကြီး၌ လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကွင်းဆင်းကြပ်မတ် ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၌ လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကွင်းဆင်းကြပ်မတ် ဆောင်ရွက်

 

ရန်ကုန်  ဇူလိုင်  ၈

      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ဆေးရုံ အုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ၁(ထူပါရုံ)ရပ်ကွက်ရှိ စံပြဥယျာဉ်စျေးသို့ ရောက်ရှိပြီး စျေးအတွင်း အသားငါးများ ရောင်းချရာနေရာများ၊ အခြားစျေးဆိုင်များနှင့် စျေးအတွင်းသို့ ရေပေးဝေသည့် ရေသိုလှောင် ကန်တို့ကို လှည့်လည်ကြည့်ရှုကာ သန့်ရှင်းမှု အခြေအနေ၊ ယင်မနားအောင် ဆောင်ရွက် ရောင်းချနေမှု ရှိ^မရှိနှင့် ရေသိုလှောင် ဖြန့်ဖြူးမှုစနစ်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ရေသိုလှောင်ကန်အား ကလိုရင်း ဆေးခတ်ခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့်  ဆပ်ပြာခဲများ ဖြန့်ဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (သာကေတ)သို့ ရောက်ရှိပြီး ကျောင်းအတွင်း သောက်ရေသန့်ဖြန့်ဖြူး သည့်စနစ်နှင့် ကျောင်းအိမ်သာများသန့်ရှင်းမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး ကာ ဓာတ်ဆားထုပ်များ၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာခဲများကို ကျောင်းအုပ်ဆရာ ကြီးထံ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံအုပ် ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံပြီး လတ်တလော ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရာတွင်  ကျန်းမာရေး ဝန်ထမ်းများ၏ ဆောင်ရွက်ခဲ့မှုများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးပေးမှုများ ကြောင့် အချို့မြို့နယ်များတွင် လူနာသစ်များ လျော့ကျသွားသည်ကို တွေ့ရှိရကြောင်း၊ ထပ်မံမကူးစက်စေရန် သတိထားဆောင် ရွက်ရမည့်လုပ်ငန်းများ အနေဖြင့် သန့်ရှင်း လတ်ဆတ်သော အစားအသောက်များသာ စားသုံးရန်၊ ရေကိုကျိုချက်သောက်ရန်၊ အစာမစားမီနှင့် အိမ်သာမှထွက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးရန်၊ ပတ်ဝန်းကျင်နှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန် အစ ရှိသော ကာကွယ်ရေးလုပ်ငန်းများ၊ ကူးစက်ခံရသော လူနာများကို ရှာဖွေခြင်း၊ ကုသခြင်း၊ လွှဲပြောင်းခြင်း စသည့်ကုသရေး လုပ်ငန်းများ၊ ရောဂါနောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရမည့် နည်းလမ်းများနှင့် အခြားသူများသို့ ထပ်မံကူးစက်မခံရစေရန် သတိထားဆောင် ရွက်ရမည့် လုပ်ငန်းများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများအနေဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ လူနာများကို စောစီးစွာ သိရှိကုသခြင်းနှင့် ယင်လုံအိမ်သာ သုံးစွဲကြစေရေး စသည့်လုပ်ငန်းများဆောင် ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင် ရွက်စဉ် ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်းကဲ့သို့သော အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေး အခြေအနေ ပိုမိုမြင့်မားလာအောင် စီမံဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။

ပြည်သူများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် နှီးနွှယ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး လတ်တလောတွင် ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရန် ကလိုရင်းဆေးခတ်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လူစုလူဝေးများသော စာသင်ကျောင်းများနှင့် ဘာသာရေး နေရာများတွင်လည်း ရောဂါကာကွယ်တားဆီး နိုင်ရေးအတွက် ရေ၊ အစားအသောက်နှင့် မိလ္လာသန့်ရှင်းမှုအခြေအနေ စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရေအရင်းအမြစ် အားလုံးကို ကလိုရင်းခတ်ရန်နှင့် လိုအပ်သောပမာဏ ရှိ/မရှိသေချာစေရန် စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနာများကို ကုသရာတွင် လိုအပ်သော ဆေးဝါးပစ္စည်းများကို ပြည်သူ့ ဆေးရုံများတွင် လုံလောက်စွာ ထောက်ပံ့ပေးပြီး ဓာတ်ခွဲစစ်ဆေးမှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရ သူတိုင်းကို ကုသရေး လမ်းညွှန်ချက်များနှင့် အညီ ကုသမှုရရှိနိုင်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် အမျိုးသားကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ဝင် ပါမောက္ခစိုးလွင်ငြိမ်းက ပညာရပ်ဆိုင်ရာများ ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာ ကြသူများက ကဏ္ဍအလိုက် တင်ပြဆွေးနွေး ကြသည်။

 ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ Chlorine Drum ၄၀ နှင့် Water Puri-fication Tablet  ၅၀၀၀၀၀ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 09:40