ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  ဇူလိုင်  ၈

   သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်ရှိ   ငွေစင်ပုလဲနို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူက   စက်ရုံလည်ပတ်နေမှုနှင့် အရည်အသွေးစစ်ဆေးမှု အဆင့်ဆင့်ကိုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက    နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချရေးနှင့်  နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရေး  ဆောင်ရွက်လျက်ရှိကြောင်း၊   သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်   လိုအပ်သည့်ကုန်ကြမ်းများ လုံလောက်စွာ ရရှိရေးအတွက်  နို့စားနွားမွေးမြူရေး လုပ်ငန်းများ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန်  လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း    တောင်သူများ သမဝါယမစနစ်ဖြင့် မွေးမြူနိုင်ရေး  လိုအပ်သည့်  မျိုးကောင်းမျိုးသန့်များ၊ အစာများရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသောကုန်ကြမ်းများကို နို့ထွက်ပစ္စည်း ထုတ်လုပ်သည့်   စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အခက်အခဲများရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  မင်္ဂလာဒုံမြို့နယ် အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက်များကို  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူ ၈၀၀  ကျော်အတွက် အာဟာရဒါနအဖြစ် နွားနို့များ  လှူဒါန်းတိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။