၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးထူးချွန်စွာ အောင်မြင်ကြသူ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ
ရန်ကုန် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၀၅၆ ဦးရှိပြီး အောင်မြင်သူ ၉၆၅၆ ဦးရှိရာ
ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှသိရသည်။၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ မြန်မာတစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား၊ ကျောင်းသူများ၏ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
မနှင်းကြယ်စင်ထွန်း
အထက(၁)ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့်အမှတ် အများဆုံးရရှိသူ Grade-12 တစ်နှစ်လုံးက ပင်ပန်းခဲ့တာတွေအများကြီးရှိတယ်။ စာကိုလည်း မနားမနေကြိုးစားခဲ့ရတယ်။ အခုလိုရလဒ်ကိုရတော့လည်း ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ အခုလာမယ့်နှစ် Grade-12 ဖြေဆိုမယ့် မောင်တွေ၊ ညီမတွေကိုလည်း ဒီတစ်နှစ် ပင်ပန်းတာကို ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်ပြီး မိမိလိုချင်တဲ့ အနာဂတ်ပန်းတိုင်ကို ရောက်အောင် သေချာကြိုးစားခဲ့ရင် ရလဒ်ရဲ့အသီးအပွင့်တွေကို ခံစားရမယ်လို့ ပြောချင်တယ်။ ကျောင်းမှာဆိုရင် ဆရာမတွေပြောတာကို သေချာနားထောင်တယ်။ နားမလည် တာရှိရင် မိဘတွေရော ဆရာမတွေကပါ ပံ့ပိုးကူညီပေးတယ်။ ခက်ခဲပေမယ့်လည်း စာကို နားလည်အောင် ကြိုးစားနိုင်ခဲ့တယ်။
ပင်ပန်းပေမယ့်လည်း မိမိလိုချင်တဲ့ရလဒ်ရတဲ့အတွက် ကျေနပ်ပါတယ်။
မမေသူထွန်း
အထက(၁)ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်အမှတ် အများဆုံးရရှိသူအခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းမှာ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို အထက(၁)ဒဂုံကျောင်းကနေ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်ရရှိခဲ့တာပါ။ တစ်နှစ်ပတ်လုံး စာဘယ်လိုကြိုးစားခဲ့လဲဆိုရင် ဘာသာရပ်အလိုက် တတ်နိုင်သမျှ စာမေးပွဲဖြေဖို့အတွက် အဓိကဦးတည်ပြီးပြင်ဆင်ခဲ့တယ်။ အချိန်နဲ့တစ်ပြေးညီ ဖြေနိုင်အောင်၊ မေးခွန်းရဲ့ လိုအပ်ချက်နဲ့ကွက်တိဖြေနိုင်အောင် အဓိကကြိုးစား အားထုတ်ခဲ့တယ်။ မြန်မာစာဘာသာဆိုရင် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုအပြင် ကိုယ်ကိုယ်တိုင်စဉ်းစားပြီး အဆင်ပြေမယ့်အချက်တွေကို အားလုံးထည့်သွင်းရေးတယ်။ တစ်နှစ်ပတ်လုံး ဒီလိုအစွမ်းကုန်ကြိုးစားခဲ့လို့ အခုလိုမျိုးအဆင့်ကောင်းနဲ့ ရလဒ်ကောင်းရရှိတဲ့အတွက် ဂုဏ်ယူမိတယ်။ ဝမ်းမြောက် မိတယ်။ အခုလိုရလဒ်ကောင်းရအောင် ထောက်ပံ့အားပေးကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်။
မောင်ဟိန်းလင်းထက်
အထက(၁)ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်အမှတ်အများဆုံးရရှိသူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျွန်တော် နှစ်စကတည်းက စာတွေကို တစ်နေ့စာ တစ်နေ့ ပုံမှန်လေ့လာကျက်မှတ်တယ်။ ကျန်တဲ့အချိန်တွေမှာ သင်ပြီးသမျှစာတွေကို ပြန်လေ့လာတယ်။ နှစ်စမှာ စာမကျေရင် စာတွေပုံလာမယ်ဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာမယ်။ အဲဒီအခါကျရင် မလုပ်သင့်တဲ့ အမှားတွေ လုပ်မိတတ်တယ်။ အိမ်ရောက်ရင် မှတ်စုတွေပြန်ထုတ်ပြီး ပြန်လေ့လာတယ်။ မှတ်စုတိုတွေရေးပြီး ဆရာတွေကို
ပြန်ပြတယ်။ Grade-12 မှာ အရေးကြီးတာက စာလေ့လာဖို့ရယ်၊ အနားယူဖို့ရယ် သူ့အချိန်နဲ့သူရှိရမယ်။ စာတွေကို ဆက်တိုက်မနားဘဲလေ့လာရင် ကျန်းမာရေးထိခိုက်နိုင်တယ်။ စာမေးပွဲနီးလာရင် သင်ခန်းစာတွေကို သင်ပြီးတဲ့အချိန်မှာ တစ်ဘာသာချင်းစီအတွက် ပြန်လေ့လာဖို့ ကြိုတင်အစီအစဉ်ဆွဲဖို့ လိုတယ်။ ဒီနှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမယ့် ညီငယ်၊ ညီမငယ်တွေ အရမ်းစိတ်ဖိစီးမှုတွေမများပါနဲ့၊ ကိုယ်ပိုင်အချိန်များများထားပါ၊ စာကိုပုံမှန်လေ့လာပါ၊ အရေးကြီးတာက ကျန်းမာရေးကို ဂရုစိုက်ပါ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများစွာနဲ့ အောင်မြင်စွာဖြေဆိုနိုင်ကြပါစေ။
မလင်းလက်အိမ်
အထက(၁)ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး သတ္တမအဆင့်အမှတ်အများဆုံးရရှိသူ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာက ဆရာ၊ ဆရာမတွေနဲ့ မိဘတွေရဲ့ကျေးဇူးတွေ အများကြီးပါပါတယ်။ တစ်နှစ်ပတ်လုံးမှာ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့တယ်။ အိပ်ရေးပျက်ခဲ့တဲ့ ရက်တွေလည်း ရှိခဲ့တယ်။ ကျောင်းမှာဆိုရင် ဆရာ၊ ဆရာမတွေရဲ့လမ်းညွှန်ချက်တွေ၊ သင်ကြားမှုတွေကို လိုက်နာပြီး တတ်နိုင် သမျှ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီအတွက်ကြောင့် အခုလိုမျိုးကောင်းမွန်တဲ့ရလဒ် ရခဲ့တယ်ဆိုတာကို ဂုဏ်ယူပြီး ဆရာ၊ ဆရာမတွေနဲ့ မိဘတွေကိုကျေးဇူးတင်မိပါတယ်။ မောင်ငယ်၊ ညီမငယ်တွေကိုလည်း အတတ်နိုင်ဆုံးကြိုးစားရင်းနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ ရလဒ်တွေရပါစေလို့ ဆုတောင်းပေးပါတယ်။
မမြတ်သီရိကျော်
အထက(၂) လသာ၊ မြန်မာတစ်နိုင်ငံလုံး နဝမအဆင့် အမှတ်အများဆုံး ရရှိသူနှစ်စကတည်းက ဘာသာစုံဂုဏ်ထူးထွက်အောင် ရည်မှန်းပြီး တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ အခုလိုရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ဘာသာစုံကို နှစ်စကတည်းက တစ်ဘာသာချင်း ဘာမှမလွတ်ရအောင်၊ အားနည်းတဲ့ ဘာသာကိုလည်း ပိုဖိပြီးကြိုးစားခဲ့တယ်။ မြန်မာစာက တော်တော်လေးကြိုးစားခဲ့ရတယ်။ ဗဟုသုတစာပေနဲ့ ဖတ်စာအုပ်ကိုနာနာဖတ်ပြီး ၁၀ မှတ်တန်အပုဒ်ရှည်တွေနဲ့ စာစီစာကုံးကိုလည်း နေ့စဉ်ပုံမှန် လေ့ကျင့်ခဲ့တယ်။ အင်္ဂလိပ်စာအနေနဲ့ ဖတ်စာအုပ်ကို များများဖတ်ပြီး Essay, Latter,Grammar တွေကိုပိုင်နိုင်အောင် နေ့စဉ်လေ့ကျင့်ခဲ့ရပါတယ်။ သင်္ချာအတွက်က ဖတ်စာအုပ်ကို အဓိကပိုင်နိုင်အောင်လုပ်ပါတယ်။
ဓာတု၊ ရူပ၊ ဇီဝဘာသာတွေကိုလည်း ဖတ်စာအုပ်ထဲက လေ့ကျင့်ခန်းတွေကို တစ်ခန်းချင်း မျှမျှတတ လေ့လာမှတ်သားပြီး မှတ်စုတွေထုတ်ပြီး ချရေး၊ ပုံတွေကိုလည်း ရေးဆွဲခဲ့ရတယ်။ ဘာသာစုံကို အပိုအလိုမရှိအောင် နှံ့နှံ့စပ်စပ်နဲ့ ဆရာ၊ ဆရာမတွေသင်ကြားတဲ့အတိုင်း လိုက်နာခဲ့တယ်။ တစ်နှစ်ပတ်လုံး ကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်ပဲကြိုးစားခဲ့ပါတယ်။ နောက်နှစ်မှာဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ စာကိုတစ်နေ့စာတစ်နေ့၊ တစ်ပတ်စာတစ်ပတ်၊ ပုံမှန်ဖတ်သွားမယ်ဆိုရင် လိုချင်တဲ့အမှတ်တွေ ရရှိပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ။