ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (ဗဟိုကြီးကြပ်မှု ကော်မတီ)၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
နေပြည်တော် ဇူလိုင် ၉
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာစေမည်ဖြစ်သည့် အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ဒုတိယဦးစားပေး အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ်နှစ်တို/နှစ်ရှည် စီမံကိန်းရေးဆွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသန လုပ်ငန်းများနှင့် စျေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံ အဆောက်အဦ လုပ်ငန်းများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ကျေးလက်နေပြည်သူများ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်ပေးခြင်း စသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အထူး အလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ပိုမိုပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရေး ကိစ္စရပ်များကို လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး(၂/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီဝင်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းနှင့် ရန်ပုံငွေလျာထားခြင်း ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ကော်မတီဝင်ဆက်စပ်ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် ကျေးလက်လမ်း လုပ်ငန်းများကို လမ်းအရှည် ၂၂၃၂/၃ ဒသမ ၀၈ မိုင်၊ တံတား ၃၁၅၈ စင်း ပေ ၆၅၅၀၀၊ ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၂၉၄၁ ခု၊ ကျေးလက်မီးလင်းရေး လုပ်ငန်းကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ ၉၂၇ ရွာ၊ အိမ်ခြေ ၄၄၈၉၆၊ အသေးစားဓာတ်အားပေး လုပ်ငန်းဖြင့် ကျေးရွာ၁၃ ရွာ၊ အိမ်ခြေ ၂၄၁၅ မဟာဓာတ်အားလိုင်းစနစ်ဖြင့် ကျေးရွာ ၉၂၇ ရွာ၊ အိမ်ခြေ ၁၆၈၅၀၂၊ မဟာဓာတ်အားလိုင်း(Off-grid)အနေဖြင့် လျှပ်စစ်သွယ်တန်းခြင်း သုည/သုည ဒသမ ၅၆ မိုင်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းအကြိမ်ရေ ၁၈၆၃ ကြိမ်၊ သင်တန်းသားဦးရေ ၃၇၅၂၆ ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၁၃၆၈ ဦး အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း လုပ်ငန်း ၄၅ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း ၅၂ ယူနစ်၊ မြစိမ်းရောင်စီမံကိန်း ၂၄၅ ယူနစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ၁၈၆၄ ရွာ၊ Cash for Work စီမံကိန်း ၉၈ ရွာ တို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။