ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးစီးဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးစီးဆောင်ရွက်

 

ရန်ကုန်  ဇူလိုင် ၉

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်ကြားရေးစင်တာရှိ အစည်းအဝေးခန်းမ၌  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ကုသရေးဆိုင်ရာဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊  ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပွားနေသော ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများ ပုဂ္ဂလိကဆေးရုံများ အပါအဝင် ဆေးရုံအားလုံး၌ ဆေးရုံတင်ကုသရာတွင် ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ လူနာများနှင့်လူနာရှင်များ လိုက်နာရမည့် စည်းကမ်းများ၊ ဆေးရုံများ၏ ရောဂါပိုးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ သတိထားဆောင်ရွက်ရန်နှင့် ဆေးရုံတက်လူနာများ၏ အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံသို့ သတင်းပေးပို့ရန် အရေးကြီးမှုကိစ္စရပ်များကို   ဆွေးနွေးမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံ အသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးတို့သည် အဆိုပါအစည်းအဝေး ခန်းမ၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ဆန်းစစ်သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးပွဲသို့ တက်ရောက်ပြီး မြို့နယ်တစ်ခုချင်းစီ အလိုက်  ဖြန့်ဝေပေးထားသော ရေသန့်ဆေးပြားများ၊ Bleaching powder  စသည့်ပစ္စည်းများကို  ပြည်သူများထံ သေချာစွာရောက်ရှိစေရေး၊ ထိတွေ့သူများကို Contact Treatment ဆောင်ရွက်ရေး၊ ရောဂါပိုးပျံ့နှံ့မှု တားဆီးရေးစသည့်လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန် မှာကြားကာ မြို့နယ်များ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

အဆိုပါအစည်းအဝေးသို့   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းနည်းပညာ အကြံပေးအဖွဲ့ဝင် ဒေါက်တာစိုးလွင်ငြိမ်း (ညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ ကလိုရင်း ဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေခြင်း၊ ကျန်းမာရေး အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်/လုပ်ငန်းခွင် ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအားလုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးမှူးရုံးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊  အမျိုးသမီးရေးရာအဖွဲ့နှင့်  အခြေခံကျန်းမာရေး   ဝန်ထမ်းများအား ရေသန့်စင်သည့် နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 10, 2024 - 10:44