မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်က ၎င်း၏သံအမတ်ခန့်အပ်လွှာ မိတ္တူကို ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်သည်။
ဆက်လက်၍ မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည်လည်း မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ်အား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီလက်ခံ တွေ့ဆုံခဲ့သည်။