ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လှည့်လည်ကြည့်ရှုအားပေး
ရန်ကုန် ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အကယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျာင်း(ခွဲ)၊ ပန်းတနော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပုသိမ်မြို့ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်း ကျောင်းတို့သို့သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးတို့အတွက် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။