တိုက်စစ်မှူး စီရော်နယ်ဒို ပေါ်တူဂီအသင်း ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားရန်ပြင်ဆင်ထား
ပေါ်တူဂီအသင်းနှင့် အယ်နာဆာအသင်း ဝါရင့် တိုက်စစ်မှူး စီရော်နယ်ဒိုက ပေါ်တူဂီအသင်းကစား သမားဘဝမှအနားယူရန် အစီအစဉ်မရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားရန်ပြင်ဆင်ထားကြောင်း သိရသည်။
အသက် ၃၉ နှစ်အရွယ် စီရော်နယ်ဒိုသည် လက်ရှိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ပေါ်တူဂီအသင်းကစား သမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပေါ်တူဂီအသင်းနှင့်အတူ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာရပြီးနောက် ကစား သမားဘဝမှ အနားယူရန်အစီအစဉ် မရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားရန်ပြင်ဆင်လျက်ရှိသည်။
အစောပိုင်းက စီရော်နယ်ဒိုသည် ယူရို ၂၀၂၄ ပြိုင်ပွဲသည် ပေါ်တူဂီအသင်း ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လာမည်ဟု ပြောကြားထားသော်လည်း လက်ရှိတွင် သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာ နှင့် ပေါ်တူဂီအသင်းတွင် တွဲဖက်ကစားလိုသည့်အတွက် ပေါ်တူဂီအသင်း၌ ဆက်လက်ကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
စီရော်နယ်ဒိုက “ကျွန်တော့်သားက ကျွန်တော့်ကို သူနဲ့ ပေါ်တူဂီအသင်းမှာ တွဲဖက်ကစားဖို့ ပြောထားပါတယ်။ မဖြစ်နိုင်ဘူးလို့တော့ မဟုတ်ပါဘူး။ ကျွန်တော် လက်ရှိအချိန်ထိ အကောင်းဆုံး ကစားနိုင်ပါသေးတယ်။ အနာဂတ်အတွက်တော့ ဘာမှပြောလို့မရသေးပါဘူး။ အချိန်က စကားပြောသွားပါလိမ့်မယ်”ဟု ပြောသည်။
လက်ရှိ ရော်နယ်ဒိုဂျူနီယာ၏ အသက်မှာ ၁၄ နှစ်ရှိနေပြီဖြစ်ပြီး အယ်နာဆာ လူငယ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိနေသည့် အတွက် မကြာမီ ပေါ်တူဂီအသင်းတွင် ကစားခွင့်ရဖွယ် ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏အသက် မှာ ၁၆ နှစ်ရှိလာမည်ဖြစ်သည့်အတွက် ဖခင်ဖြစ်သူ စီရော်နယ်ဒိုနှင့် တွဲဖက်ကစားခွင့်ရဖွယ် ရှိကြောင်း သိရသည်။