သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက် ၆ နာရီတွင် သာကေတမြို့နယ် ၇/အရှေ့ရပ်ကွက် ဧရာဝဏ်လမ်းသို့ သွားရောက်၍ သာကေတမြို့နယ် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား Poulownia ကိုးပင်နှင့် မဟော်ဂနီပျိုးပင် ၆၀ ကိုစိုက်ပျိုးပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းရပ်ကွက် ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်သို့ သွားရောက်၍ ရေစုကန်ရေမြောင်းနှင့် ဝေဇယန္တာလမ်းအကြား မြေဧရိယာ သုည ဒသမ ၁၆၅ ဧကတွင် မြေယာရှုခင်းဆောင်ရွက်ရန်အတွက် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေညှိခြင်း၊ အပင်များအောက်တက်ရှင်းလင်း၍ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ် အမှတ် (၉)ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်၍ ကျောင်းရှေ့မြေအောက်မြောင်း ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ၊ နုန်းများ ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် အောက်မင်္ဂလာဒုံလမ်းရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်၍ တက္ကသိုလ်ဝင်း သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ထမ်းများက တက္ကသိုလ်အဝင်လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း ဆောင်ရွက်နေမှု၊ အဆုတ်ရောဂါကုဆေးရုံလမ်းသွယ်(၁)ရှိတက္ကသိုလ်ဝန်ထမ်းအိမ်ရာဝင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)