ဇီလန်စကီအတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

ဇီလန်စကီအတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ဒေါ်နယ်ထရမ့်ပြော

၀ါရှင်တန်၊ နိုင်ငံရေး

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရလျှင် ယူကရိန်းသမ္မတ ဇီလန်စကီ အတွက် မဆုံးနိုင်သောငွေပေးနေရမှုများ   ရပ်တန့်စေမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။

“ဇီလန်စကီက ကြုံဖူးသမျှသောနိုင်ငံရေးသမားတွေထဲမှာ အကြီးကျယ်ဆုံးသော အရောင်းစာရေး တစ်ယောက်ပါပဲ” ဟု မီချီဂန်ပြည်နယ်၌ လုပ်ဆောင်သော စည်းရုံးရေးပွဲတစ်ခုတွင် ထရမ့်ကပြောသည်။

“သူက ကျွန်တော်တို့နိုင်ငံကိုလာတဲ့အချိန်တိုင်း ဒေါ်လာဘီလီယံ ၆၀ ယူပြီးပြန်ထွက်သွား လေ့ရှိပါတယ်။   လွန်ခဲ့တဲ့လေးရက်ကမှ ဒေါ်လာဘီလီယံ ၆၀ နဲ့ထွက်သွားတယ်။ သူ့အိမ်ကိုပြန်ရောက်တဲ့အခါမှာ  နောက်ထပ်ဒေါ်လာဘီလီယံ ၆၀  လိုအပ်တယ်ဆိုပြီး   ထပ်ပြောနေပြန်ရော။  ဘယ်တော့မှ မဆုံးနိုင်မယ့် အရာပေါ့ဗျာ” ဟု ထရမ့်က ပြောထားသည်။

အမေရိကန်နှင့် စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံ(G7) အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ထုတ်ချေးပေးမည် ဖြစ်ကြောင်း၊ ထိုငွေများမှာ အသိမ်းခံထားရသော ရုရှား၏ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ၃၀၀ ဖြင့်လည်ပတ်မှုမှရသည့် အမြတ်ငွေများဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန် ကြေညာထားသည်။

ယူကရိန်းသမ္မတအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နောက်ထပ် ဒေါ်လာ ဘီလီယံ ၆၀ ကိုမတောင်းခံခဲ့သော်လည်း ငွေများနှင့် လက်နက်များ လုံလောက်စွာ မထောက်ပံ့ပေးမှု အတွက် ပြစ်တင်ရှုတ်ချသည်။

ဂျိုးဘိုင်ဒင်အစိုးရ လက်ထက်မူဝါဒဖြစ်သော ယူကရိန်းကို စစ်ရေးပံ့ပိုးမှုများ အတားအဆီး မရှိပေး နေခြင်းသည် အမေရိကန်နိုင်ငံကို တတိယကမ္ဘာစစ်ဆီသို့ ဆွဲခေါ်နေခြင်းဖြစ်ကြောင်းနှင့် ထရမ့်က ၎င်းသာ သမ္မတဖြစ်လာပါက ယူကရိန်းပဋိပက္ခကို ၂၄ နာရီ အတွင်းရပ်တန့်စေမည်ဟု အကြိမ်ကြိမ် ပြောထားကြောင်းသိရသည်။

Ref: RT

Dates: 
Wednesday, July 10, 2024 - 09:52