NATO အဖွဲ့ဝင်နိုင်ငံများက နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေးဆွေးနွေးနေ
ဘရပ်ဆဲ၊ စစ်ရေး
NATO အဖွဲ့ဝင်နိုင်ငံများက ဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေး ကိစ္စဆွေးနွေးနေကြောင်း ထိုတပ်ဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ကပြောသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ နျူကလီးယားထိပ်ဖူးအရေအတွက် ဘယ်လောက်ကို စစ်ဆင်ရေး အတွက်အသင့်ပြင်ထားရမယ်၊ ဘယ်လောက်ကိုတော့ သိမ်းထားရမယ် ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်မပြောလို ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနေ ကြပါတယ်” ဟု ယန်စတိုတန်ဘာ့က The Telegraph သတင်းစာသို့ပြောသည်။
အလားတူ တရုတ်နိုင်ငံသည်လည်း နျူကလီးယားလက်နက်ထုတ်လုပ်မှုကို အရှိန် အဟုန်မြှင့်တင် နေကြောင်း၊ ၂၀၃၀ ပြည့်နှစ် ကျော်ကာလတွင် နျူကလီးယားထိပ်ဖူး ၁၀၀၀ အထိရရှိမည်ဟု ခန့်မှန်း ရကြောင်း ၎င်းကဆက်ပြောသည်။
တစ်ချိန်တည်းမှာပင် နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံကိုးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့အနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်များကို အဆင့်မြှင့်တင်မှုဆက်လက် ပြုလုပ်နေကြောင်းနှင့် စစ်ဆင်ရေးအသင့် ဖြစ်နေစေမည့် နျူကလီးယားထိပ်ဖူးအရေ အတွက်ကိုတိုးမြှင့်ထားကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာနက ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံအနေဖြင့် ခြိမ်းခြောက်ခံရသည့် အခြေအနေနှင့်ကြုံတွေ့ရပါက နျူကလီးယား လက်နက် များကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ရုရှား၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပစ်နျူကလီးယား လက်နက် များက ပိုမိုအစွမ်းထက်ကြောင်း ရုရှားသမ္မတ ဗလာ ဒီမာပူတင်က အစောပိုင်းတွင်သတိပေးထား သည်ဟု သိရသည်။
Ref: Sputnik