မိုးရာသီကျန်းမာရေးနှင့် ဆောင်ရန်ရှောင်ရန်အချက်များ

မိုးရာသီကျန်းမာရေးနှင့် ဆောင်ရန်ရှောင်ရန်အချက်များ

မိုးရာသီတွင် စိမ်းလန်းစိုပြည်ပြီး အေးမြ သောရာသီဥတုကြောင့် သက်သောင့် သက်သာနေထိုင်ရသော် လည်း   စိုစွတ် သောရာသီဥတု၊ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့ကြောင့် ကူးစက်ရောဂါများ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ခြင်များပေါက်ပွားလာ သောကြောင့် သွေးလွန် တုပ်ကွေး၊ ဆင် တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ အဖြစ် များလာနိုင်သည်။ စိုစွတ်သောပတ်ဝန်း ကျင်တွင် ရောဂါပိုးများ ပိုမိုပွားများလာပြီး လေမှတစ်ဆင့်ကူးစက်တတ်သောရောဂါ များ၊ ဗက်တီးရီး ယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကူး စက်မှုအန္တရာယ်နှင့် တခြားကူးစက်တတ် သောရောဂါများဖြစ်ပွားရန် နှစ်ဆ ပိုများပါသည်။

အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဗက် တီးရီးယားနှင့် မသန့်ရှင်းသော အစားအစာများနှင့် ရေကြောင့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အစာအိမ်ပိုးဝင်ခြင်းတို့သည် အဖြစ်များသည်။ အသည်းရောင် အသားဝါ အေရောဂါ၊ လက်ပတိုစပိုင်ရိုးဆစ်ရောဂါ၊ တိုက်ဖွိုက်နှင့် ကာလဝမ်းရောဂါတို့သည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပွားရသည့် ကျန်းမာရေး ပြဿနာများဖြစ်သည်။ မိုးရာသီတွင် ဓာတ်မတည့်မှုဖြစ်နိုင် သည့် ဗက်တီးရီးယားများ တိုးပွားလာသောကြောင့် အရေပြားဓာတ် မတည့်ခြင်းနှင့် ယားယံခြင်းတို့ကို ခံစားရ နိုင်သည့်အချိန်ဖြစ်ပါသည်။

မိုးတွင်းကာလတွင် လက်ပတိုစပိုင်ရိုး ဆစ်ရောဂါရှိသော တိရစ္ဆာန်များ (အထူးသဖြင့် ကြွက်၊ ခွေး) ၏ဆီးမှ ဗက်တီးရီးယားများသည် မြေဆီလွှာတွင်ရှိနေပြီး မိုးတွင်းကာလတွင် ပြန်လည်ရှင်သန်နိုင်သည်။   ရေလွှမ်းမိုးသည့်ဒေသများတွင် ရောဂါပိုးရှိသော ရေများသည် လူတို့၏မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များ အတွင်းသို့ ဝင်ရောက်ခြင်း၊ အနာ သို့မဟုတ် ပေါက်ပြဲနေသော အရေပြားနေရာများနှင့် တိုက်ရိုက် ထိတွေ့ခြင်းတို့ကြောင့်  ရောဂါဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊  အော့အန်ခြင်း၊  ဝမ်းလျှောခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။ ရောဂါ ပိုးပြင်း ထန်သောအခါ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်အမြှေးပါးနှင့် အသက်ရှူလမ်းကြောင်းတို့ကို  ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရေလွှမ်းမိုးသော ဒေသများအတွင်း သွားလာရာတွင် ဘွတ်ဖိနပ်များ ဝတ်ဆင်ရန် အကြံပြုထားပါသည်။

မိုးရာသီတွင်ဖြစ်တတ်သော ရောဂါ အများစုသည် လူတို့၏ ကိုယ်ခံစွမ်းအား လျော့နည်းခြင်းကြောင့်ဖြစ် သည်။ လေထုအတွင်း အစိုဓာတ်လွန်ကဲခြင်းကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် အဖျားတက်ခြင်း တို့ကို ခံစားရနိုင်သည်။ မိုးရေစို ပြီး  အအေးမိလျှင်  ခန္ဓာကိုယ်၏ အပူချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် ကိုယ်ခံအား စနစ်ကို ထိခိုက်ကျဆင်းစေပြီး မည်သည့် ရောဂါပိုးမွှားများမဆို ဝင်ရောက်နိုင်သည်။ အအေးမိခြင်း  သို့မဟုတ်  တုပ်ကွေးဗိုင်း ရပ်စ်ပိုး ကူးစက်နိုင်ခြေ ပိုများစေသည်။ ထို့ကြောင့်  မိုးရာသီတွင်   တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရန် အရေးကြီးပါသည်။ မိုးရာသီတွင် ပတ်ဝန်းကျင်၏ အပူချိန်ကျဆင်း သွားသောကြောင့် သဘာဝအရ ရေသောက် သုံးမှုလျော့ကျသွားနိုင်ပါသည်။ ထို့ကြောင့် ရေဆာချိန်ကို မစောင့်ဘဲ ရေများများ သောက်ရန် လိုအပ်ပါသည်။ ရေဓာတ်ခန်း ခြောက်ခြင်းနှင့် လည်ချောင်းနာ သက်သာ စေရန်အတွက် ရေနွေးကြမ်းနှင့် အာဟာရ ပြည့်ဖျော်ရည်များကို သောက်နိုင်ပါသည်။ မိုးရာသီ တွင် သန့်စင်သောရေကို သောက်သုံးရန် အရေးကြီးပါသည်။ ရေကို ကျိုချက်သောက်သုံးလျှင်   အကောင်းဆုံး ဖြစ်သည်။

ကိုယ်ခံအားစနစ် ကြံ့ခိုင်နေစေရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ကို ဦးစားပေး စားသောက်ရန် အရေးကြီးပါသည်။ မိုးရာသီတွင် ပြင်ပအစားအစာများကို ရှောင်ကြဉ်ပြီး အာဟာရ ရှိသောအစားအစာများကို စားသုံးရန်ကြိုး စားပါ။ အိမ်တွင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော  အစားအစာများကို စားပါ။ ထမင်းနှင့်ဟင်းများကို သေချာစွာ ချက်ပြုတ်ပြီး ပူပူနွေးနွေးစားပါ။ အစားအစာများကို မချက်ပြုတ်မီ၊ ချက်ပြုတ်နေစဉ်နှင့် ချက်ပြုတ်ပြီးလျှင် သေချာစွာဖုံးအုပ်ထားပါ။   ယင်နားစာများကို ရှောင်ကြဉ်ပါ။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဆားနှင့် ရှလကာရည်တွင် မိနစ် ၃၀ ခန့် စိမ်၍ သေချာဆေးပါ။ အမှည့်လွန်သော အသီးများကို စားခြင်းမှရှောင်ကြဉ်ပါ။ အဆီများ သော အစားအစာများနှင့် အစပ်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဖြည့်စွက်ဗီတာမင်စီနှင့် ဗီတာမင်ဒီ လုံလောက်ရန်လိုအပ်ပါသည်။ ဗီတာမင်စီသည် မိုးရာသီတွင် ရောဂါပိုးမွှားများကို ကာကွယ်ရန်နှင့် ကိုယ်ခံအားမြှင့်တင်ပေး ရန် အကောင်းဆုံးဖြစ်သည်။ ကိုယ်ခံအား ဆဲလ်များ၏ လုပ်ဆောင်ချက်ကို မြှင့်တင်ခြင်းဖြင့် ခုခံအားစနစ်ကို အားကောင်းစေသည်။ ဗီတာမင်စီ သည် သာမန်အအေးမိ၊ ချောင်းဆိုးခြင်း  စသည့်အမျိုးမျိုးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များကို တားဆီးရန်ကူညီပေးသည်။ သဘာဝ ဗီတာမင်စီ အရင်းအမြစ်များဖြစ်သော လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ သင်္ဘော သီး၊ မာလကာသီး၊ စတော်ဘယ်ရီ၊ ဘရို ကိုလီနှင့် ခရမ်းချဉ်သီး သို့မဟုတ် ဖြည့်စွက် စာများကို  တိုးမြှင့်စားသုံးရန်  လိုအပ်ပါ သည်။ သို့သော် မိုးရာသီတွင် ဖရဲသီးကဲ့ သို့သော အသီးအနှံ များကိုရှောင်ကြဉ်ပြီး သစ်တော်သီး၊ သရက်သီး၊ ပန်းသီးနှင့် တလည်းသီးတို့ကဲ့သို့ အသီးအနှံများကို စားသုံးနိုင်ပါသည်။

ဗီတာမင်ဒီနှင့် ကယ်လ်စီယမ်သည် အရိုးအတွက် အရေးကြီးပါသည်။ နေရောင်ခြည်နှင့် ထိတွေ့သော အခါ  အရေပြားက ဗီတာမင်ဒီကိုထုတ်ပေးပြီး ဗက်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးများကို တိုက်ထုတ်ရာမှာ ကူညီပေးပါသည်။ မိုးရာသီတွင် ဗီတာမင်ဒီ အလုံအလောက်မရှိပါက ရောဂါပိုးကူး စက်ခံရနိုင်ခြေ ပိုများပါသည်။ ထို့ကြောင့် နေ့လယ်ခင်းနေရောင်ကို တစ်နေ့လျှင် ၅ မိနစ်မှ မိနစ် ၃၀ ထိတွေ့ပြီး ဆယ်လ်မွန်၊ နို့၊ကောက်နှံများ၊ ကြက်ဥအနှစ်ကဲ့သို့သော အစားအစာများ သို့မဟုတ် ဗီတာမင်ဒီ ဖြည့်စွက် စာများကို လုံလောက်စွာစားသုံး ရန် လိုအပ်ပါသည်။

ပရိုတင်းဓာတ်များသော အစားအသောက်ကို စားသုံးပါ။ ပရိုတင်းများသည် ကိုယ်ခံအားစနစ် တည် ဆောက်ရန် နှင့် ရောဂါပိုးများကိုတိုက်ထုတ်ရန် လိုအပ်သော ပဋိပစ္စည်းများကို ထုတ်လုပ်ရန်ကူညီ ပေးသည်။ ပရိုတင်းဓာတ်လုံလောက်စွာ ပါရှိသော အစားအစာများဖြစ်သည့် ပဲပိစပ်၊

နို့နှင့် နို့ထွက်ပစ္စည်းများ၊ အဆီမပါသော အသားများ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ နှင့် အစေ့အဆန်များကို  တိုးမြှင့်စားသုံးရန် လိုအပ်ပါသည်။

အင်တီအောက်ဆီးဒင့် (ခေါ်) ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသော အစားအစာများဖြစ်သည့် စတော်ဘယ်ရီ၊ အနက် ရောင်ချောကလက်၊  ဟင်းနုနယ်ရွက်နှင့် မုန်လာဥနီများသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။ ပင်စိမ်း၊ ပူဒီနာ၊ လေး ညှင်းပွင့်၊ ချင်းနှင့် နနွင်းကဲ့သို့သော ဟင်းခတ်အမွှေး အကြိုင်များသည် ဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါများကိုကာကွယ်ပေးပြီး ခန္ဓာကိုယ်၏ခုခံအားစနစ်ကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် ဆေးဖက်ဝင်အပင်များဖြစ်၍ နေ့စဉ်အစားအစာချက်ပြုတ်ရာတွင် ထည့်သွင်း အသုံးပြုသင့်ပါသည်။ ပရိုဘိုင်အိုတစ်များသည် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည့်အတွက် စားသုံးလျှင်  အကျိုးရှိသည်။ ဒိန်ချဉ်သည် နေ့စဉ်စား သုံးနိုင်သော ပရိုဘိုင်အိုတစ် တစ်မျိုးဖြစ် သည်။ မိုးရာသီတွင် ပရိုဘိုင်အိုတစ်ဖြည့် စွက်ဆေးများ နေ့စဉ်သောက်နိုင်ပါသည်။

လုံလောက်စွာအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။   မိုးရာသီတွင် အပြင်ထွက်၍ လေ့ကျင့်ခန်းလုပ်ရန်    အဆင်မပြေပါက အိမ်တွင် ယောဂ သို့မဟုတ် အေရိုးဗစ် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်ခံအားမြှင့်တင်ရန် စီစဉ်ရပါမည်။

မိုးရာသီတွင် ခြင်ကြောင့်ဖြစ်သော ရောဂါများမှကာကွယ်ရန် အိမ်ကို ခြင်လုံဆန်ခါ တပ်ထားခြင်း၊ ခြင်ထောင်ဖြင့်အိပ် ခြင်း၊ ခြင်နိုင်ဆေးရည်များဖျန်းခြင်း၊ ခြင် ဆေးထွန်းခြင်း၊ အင်္ကျီလက်ရှည်ဘောင်းဘီ ရှည်များကိုဝတ်ခြင်း၊ အပြင်ထွက်လျှင် ထိတွေ့နိုင်သောအရေပြားပေါ်တွင် ခြင်မကိုက်စေသည့် ဆေးများ လိမ်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ အိမ်တစ်ဝိုက်တွင် လေကောင်းလေသန့်ရစေရန်နှင့် ခြင်များ ပေါက်ပွားနိုင်သည့်ရေအိုင်များ၊   ရေဝပ် သောနေရာများမရှိစေရန်   ရှင်းထားပါ။ ရေဆိုးများကိုဖယ်ရှားပါ။ ရေကို သိုလှောင် ရမည်ဆိုပါက သန့်ရှင်းသောအိုးများနှင့် ပုံးများကိုအသုံးပြုကာ ခြင်ပေါက်ပွားသည့် နေရာများမဖြစ်စေရန် စနစ်တကျဖုံးအုပ်ထားပါ။ မကြာခဏထိမိသောနေရာများ၊ အရာဝတ္ထုများနှင့် မျက်နှာပြင်များကို ပိုးသတ်ဆေးများဖြင့် သန့်ရှင်းရေးလုပ်ခြင်း သည် ပိုးမွှားများပျံ့နှံ့မှုကိုလည်း ကာကွယ် ပေးပါသည်။

ရာသီတုပ်ကွေး ကူးစက်နိုင်ခြေကို လျှော့ချရန်နှင့် ပြင်းထန်သောနောက်ဆက် တွဲပြဿနာများကို ကာကွယ်ရန် အသက်ခြောက်လနှင့် အထက်ရှိသူများသည် ရာသီတုပ်ကွေးကာကွယ်ဆေးကို   နှစ်စဉ်ထိုး သင့်ပါသည်။ အထူးသဖြင့် သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အနီးကပ်ပြုစုနေသူ မိသားစုဝင်များ ကိုလည်း တုပ်ကွေးကာကွယ်ဆေး တစ်နှစ် တစ်ကြိမ် ထိုးပေးထားသင့်ပါသည်။ တုပ် ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးထိုးခြင်းသည် မိုးရာသီအတွက် အကောင်းဆုံးကျန်းမာ ရေးအကြံပြုချက် တစ်ခုဖြစ်ပါသည်။

မိုးရာသီတွင် ကြိုတင်ကာကွယ်မှုများအနေဖြင့် မိုးတွင်းသုံးပစ္စည်းများဖြစ်သည့် မိုးကာအင်္ကျီ၊ အနွေး ထည်အင်္ကျီ၊ ထီးနှင့် ရေစိုခံဖိနပ်များ အမြဲအဆင်သင့်ရှိနေရန် လိုအပ်ပါသည်။ အပြင်ထွက်လျှင် မိုးရေ မစိုအောင် မိုးကာအင်္ကျီဝတ်၍ထီးဆောင်းပါ။ အဝတ်အထည်၊ ဖိနပ်နှင့် ခြေအိတ်များ ကို စနစ်တကျ ခြောက်သွေ့အောင်ထားပါ။ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းဝတ်ဆင်ပါ။ လက်မဆေးဘဲ  နှာခေါင်းနှင့် ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကိုပုံမှန်ဆေးကြောခြင်းသည် ဖျားနာ ခြင်းကိုကာကွယ်ရန် ပထမအဆင့်အရေး ကြီးဆုံးဖြစ်သည်။ အိတ်ထဲတွင် လက်သန့် စင်ဆေးရည် အမြဲဆောင်ထားပါ။ မလိုအပ် လျှင် မိုးရေထဲမထွက်ဘဲ အဆောက်အအုံ ထဲတွင်မိုးခိုနေပါ။ မိုးရွာနေချိန် အိမ်ပြန် ရောက်သောအခါ ရေခပ်နွေးနွေးဖြင့်ချိုး၍ ရေခြောက်အောင်သုတ်ပြီး သန့်ရှင်းသော အဝတ် အစားကိုဝတ်၍ နွေးနွေးထွေးထွေး နေပါ။ ဟင်းရည်ပူပူ သို့မဟုတ် နွားနို့ပူပူ တစ်ခွက် သောက်ခြင်းသည် ခန္ဓာကိုယ်၏ အပူချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် ဖြစ်ပွားနိုင်သည့် အအေးပတ်ခြင်း သို့မဟုတ်  ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ အကောင်းဆုံးကာကွယ်ရန် ကူညီပေးပါသည်။

အနှစ်ချုပ်ရလျှင် မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော ကျန်းမာရေးပြဿနာများမှ ကင်းဝေးစေရန် တစ်ကိုယ်ရေသန့်ရှင်းမှု သတိပြု၍ ကိုယ်ခံအားမြှင့်တင်ပေးသည့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရပါမည်။ သို့မှသာ ရောဂါပိုးမွှားများကို ရှောင်ရှားနိုင်ပြီး ကျန်းမာ၍ မိုးရာသီကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါ သည်။   ။       

ဒေါက်တာသိင်္ဂီကျော်

Dates: 
Wednesday, July 10, 2024 - 10:32