၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဂုဏ်ထူးရထူးချွန်ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်း လာရေး ရည်ရွယ်၍ ယခုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည် တိုးတက်မြင့်မားရေး အမျိုးသားရေး မျှော်မှန်းချက်ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်စုံထူးချွန်ထက်မြက်ပြီး အရည်အသွေး မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စီမံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားလူငယ်များအနေဖြင့် ဘဝတက်လမ်းများ ပွင့်လင်းစေပြီး ပညာဗဟုသုတများ ရှာဖွေဆည်းပူးနိုင်မည့် အခွင့်အလမ်းများစွာ ရရှိနေပြီဖြစ်ကြောင်း။
ယခုကဲ့သို့အောင်မြင်မှုများကို အခြေခံပြီး အရည်အသွေးမြင့်မားသည့် ပညာရပ်များကို ဆက်လက်ကြိုးစားသင်ယူ ဆည်းပူးသွားကြရန်နှင့် ဆက်သွယ်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပညာဖြင့်သိမြင်ပြီး အမှားအမှန်ချင့်ချိန်ခွဲခြား အသုံးချတတ်ရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာစုံဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ပြီး ဆုရကျောင်းသား၊ကျောင်းသူများကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မမေသံသာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်သည်။ ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်အား ကြည့်ရှုလေ့လာပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ၆ ဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၀ ဦးအပါအဝင် စုစုပေါင်း အောင်မြင်သူ ၂၁၆ ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်း ခန်းမ၌ ပြုလုပ်သော မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတို့၏ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ပုလဲဖော်ယူခြင်းမှ ရရှိသော ပုလဲလုံးရေစုစုပေါင်း ၁၄၉၄၅၅ လုံး အချိုးခွဲဝေ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။