မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် နဝဒေးလမ်းရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံ ဗိသုကာကောင်စီကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ ဝါရင့်ဗိသုကာပညာရှင်များဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့ပြီး ကောင်စီ၏ သက်တမ်းကို လေးနှစ်သတ်မှတ်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခု တတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် ကောင်စီဝင် ၂၂ ဦးဖြင့် ထပ်မံပြင်ဆင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗိသုကာပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်သည့် လုပ်ငန်းကို ပိုမိုဆောင်ရွက်စေလိုပြီး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဗိသုကာကောင်စီအနေဖြင့်လည်း အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလည်း လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တစ်ဦးချင်း မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသော လုပ်ငန်းနယ်ပယ်များကို မိတ်ဆက်တင်ပြကြပြီး မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌက ကောင်စီ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များကို ဖြန့်ခွဲဆောင်ရွက်နေမှု၊ ဗိသုကာပညာရပ်ကဏ္ဍ တိုးတက် လာစေရေးအတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ ကောင်စီအနေဖြင့် နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ် ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ဗိသုကာလက်မှတ်၊ ဗိသုကာလိုင်စင်၊ အကြီးတန်းဗိသုကာလိုင်စင်၊ နိုင်ငံခြားသား ဗိသုကာမှတ်ပုံတင်လက်မှတ်တို့ကို သတ်မှတ်အရည်အချင်း၊ စည်းကမ်းချက်များနှင့်အညီ စိစစ်ထုတ်ပေးနေမှုနှင့် မှတ်ပုံတင်လက်မှတ်များ သက်တမ်းတိုး လျှောက်ထားလာပါက သတ်မှတ်အရည်အချင်းများကို စိစစ်ပြီး သက်တမ်းတိုး ဆောင်ရွက်ပေးသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပညာရပ်ဆိုင်ရာစံချိန်စံညွှန်းပြည့်မီရေး၊ နည်းစနစ် မှန်ကန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်စည်းရေးကဏ္ဍ တို့ကို ကောင်စီမှ စနစ်တကျ ကြီးကြပ်ထိန်းသိမ်းစေလိုကြောင်း၊ မြန်မာနိုင်ငံအဆောက်အအုံ ဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ-၂၀၂၄ (Myanmar National Building Code -2024) ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရာတွင် ဗိသုကာဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံဗိသုကာကောင်စီမှ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် ဗိသုကာပညာရပ်ဆိုင်ရာ သင်ကြားမှု အဆင့်အတန်း မြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရှင်များ ပေါ်ပေါက်စေရေး တို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။