တနင်္သာရီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံမှုရှိစေရေးဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံမှုရှိစေရေးဆောင်ရွက်

နေပြည်တော်  ဇွန်  ၁၀

 

တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် မြိတ်မြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အကျိုးဆောင်တောင်သူများ အတွက် မျိုးစပါး၊ ကွန်ပေါင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို   ဇွန်လ ၈ ရက်က တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့နယ် ကျွဲကူးရွာ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးသည်။

အခမ်းအနားတွင်   ဒုတိယဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း စပါးအထွက် နှုန်းတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ရေမြေဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် မျိုးစေ့များနှင့် အရည်အသွေးပြည့်မီသော စိုက်ပျိုးရေး သွင်းအားစုများ အသုံးပြုပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ရန် တောင်သူများနှင့်  သက်ဆိုင်ရာဌာနများ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူးက တနင်္သာရီတိုင်းဒေသကြီး၏ နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်နိုင်မှု၊ ဒေသဝမ်းစာဖူလုံရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် စီမံဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်   တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ ကွန်ပေါင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို   ထောက်ပံ့ပေးအပ်ကာ ဘဲနှင့်ငါးတွဲဖက်မွေးမြူထားရှိမှု၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြမှုများကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာန ရွှေဒူးဥယျာဉ်ခြံတွင် ကော်ဖီနှင့် ကိုကိုးစိုက်တောင်သူများအား  တွေ့ဆုံ၍ ဒေသရေမြေနှင့်ကိုက်ညီပြီး အလားအလာကောင်းသည့် ကော်ဖီ၊ ကိုကိုးနှင့် ဟင်းခတ် အမွှေးအကြိုင်ပင်များ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး   ကော်ဖီပျိုးပင်နှင့် ကိုကိုးပျိုးပင်များကို ပေးအပ်ရာ တောင်သူ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနစခန်း (ကျွန်းစု)၌ ရေနေသတ္တဝါဆိုင်ရာ မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ   ထိန်းသိမ်းခြင်း သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်း မျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်ပြင်ဆင်ပြီးစီးမှု၊ ဓာတ်ခွဲခန်း တည်ဆောက်မည့် မြေနေရာ၊ ဥဖောက်ကန်နှင့် သက်ရှိအစာမွေးခန်းများကို    ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။