မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်
ရန်ကုန် ဇွန် ၁၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၁၉ မိနစ်တွင် ယွန်းဝတီလှိုင်က ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဦးဆောင် ဂိုးသွင်း ယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဧရာဝတီယူနိုက်တက်အသင်း၏ ပြန်လည်ဖိအားပေးမှုများကြောင့် ပထမပိုင်းကထက် ပိုမိုအကြိတ်အနယ် ရှိခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် အေးအေးထွေးက ရန်ကုန်ယူနိုက်တက် အသင်းအတွက် နောက်ထပ်ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ကာ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းလုံးဂိုးသွင်းခွင့် အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇)ပွဲစဉ်များအဖြစ် ဇွန်လ ၁၁ ရက်(ယနေ့)ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ ပဒုမ္မာအားကစားကွင်း၌ ISPE အသင်းနှင့့် YREO အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်