ဆီထွက်သီးနှံနှင့်ဝါ အပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုး ရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇွန် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အကြိုညှိနှိုင်း အစည်းအဝေးနှင့် ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေရရှိရေးလုပ်ငန်း ၁၇၈၀ ခု၊ မီးလင်းရေးကျေးရွာ ၉၄၀၊ ဆိုလာစိုက်ပျိုး ရေတင် စနစ်လုပ်ငန်း ၉၈ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၅၃၂ မိုင်၊ ကုန်ထုတ်တံတား ၁၁၅၉ စင်း၊ ကျေးလက်အိမ်ရာ ၃၂ လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၂၄၃ ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ၁၈၆၄ ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ၄၅ ရွာ၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း ၅၂ ယူနစ်၊ Cash for Work စီမံကိန်းကျေးရွာ ၉၈ ရွာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း ၄၁၂ ကြိမ်တို့ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများမှ ကျေးရွာပေါင်း ၅၅၃၈ ရွာ၊ အိမ်ထောင်စု ၂ ဒသမ ၄၄ သန်း၊ လူဦးရေ ၁၂ ဒသမ ၉ သန်းကို အကျိုးပြုနိုင်ခဲ့ကြောင်း။
ဆီထွက်သီးနှံနှင့်ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်းများမှ ထောက်ပံ့ဆောင်ရွက်ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ် ဆောင်ရွက်ပေးခြင်းတို့ကို ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက် မီးလင်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။