တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ကို ဒုတိယဝန်ကြီး ဦးလွင်ဦး လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အိန္ဒိယကောင်စစ်ဝန်ချုပ် အနေဖြင့် စစ်တွေမြို့တွင် အခြေစိုက်၍ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ အတွက် ဂုဏ်ယူကြောင်း ပြောကြားပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်းစဉ်လာ ရှိသည့်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ရခိုင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက်ပူးပေါင်း အကောင် အထည်ဖော်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။