အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်း လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး ကျင်းပ

 

အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်း လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁၀

    အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေး ကိုက်ညီမှု စစ်ဆေးခြင်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေး အဖွဲ့များဖြစ်သည့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့များ (Certification Bodies)၊ စမ်းသပ်ဓာတ်ခွဲခန်းများ၊ စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်း ဓာတ်ခွဲခန်းများ (Calibration Laboratories)၊  အရည်အသွေး စုံစမ်းစစ်ဆေးရေးအဖွဲ့များ (Inspection Bodies) မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏  အပြန်အလှန်အသိအမှတ်ပြု  အစီအစဉ်များတွင် လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေး အဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပြုခြင်း လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး  (Meeting  onRegistration  and  Designation Procedures for Conformity Assessment   Bodies-CABs)ကို ယနေ့ နံနက်ပိုင်းတွင်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရည်အသွေး ထောက်ခံချက်ထုတ်ပေးသောအစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများ၊ မြန်မာအစားအသောက် ဓာတ်ခွဲခန်းများ ကွန်ရက်အဖွဲ့ဝင် ဓာတ်ခွဲခန်း ကိုယ်စားလှယ်များ၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများရှိ အရည်အသွေး ထောက်ခံချက်ပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင်  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က  အဖွင့်အမှာစကား ပြောကြားပြီး အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင်ခြင်း(Registration)၊ ထောက်ခံချက်ပြုခြင်း (Designation) လုပ်ငန်းစဉ်များနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ(မူကြမ်း)တို့ကို ချမှတ်ဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေး အဖွဲ့များအား နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများဖြင့် အပြန်အလှန် အသိအမှတ်ပြုခြင်းများ (Mutual Recognized Arrangement)ရရှိရန်    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။