ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့သွားရာ လမ်းဘေးဝဲယာ၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်စိုက်ပျိုးကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့ကမ္ဘာကြီးတွင် သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုများ ဖောက်ပြန်လာပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ အကျိုးဆက်များကို နှစ်စဉ်ခံစားနေရကြောင်း၊ ရာသီဥတု ပြန်လည်မျှတ ကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးအတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ကောင်းတွင် နေထိုင်ခွင့် ရရှိမည်ဖြစ်သဖြင့် သစ်ပင်စိုက်ပျိုးခြင်း အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း သွားကြစေလိုကြောင်း ပြောကြားပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်သစ်ပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
ထို့နောက် ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာများတွင် သစ်ပင်များကို ဆက်လက်စိုက်ပျိုးကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ခရေပင်၊ ငုဝါပင်၊ စိန်ပန်းပင်၊ ပျဉ်းမပင် စုစုပေါင်းပျိုးပင် ၂၀၀ ကို စနစ်တကျစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည့် လက်မှတ်ရပြည်သူ့ စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ်(၄၆) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။